Episode 115

165 13 2
                                    

Uni

တကယ်တမ်းပြောင်းရွှေ့တော့ သူ့မှာ ပစ္စည်းများများစားစားမရှိလှပေ။ ခေါက်ကုတင်တစ်လုံးရယ် အဝတ်အစားထည့်သည့် အိတ်ကြီးရယ်၊ ပန်းကန်ခွက်ယောက်အနည်းငယ်ပါသည့် ပုံးကြီးရယ်၊ ဒီလောက်ပဲ ရှိသည်။ ဒါကြောင့်မို့ အထူးအထွေကြီး ပြောင်းရွှေ့နေဖို့မလိုပေ။ Taxiတစ်စီးငှားပြီး ပြောင်းလာလိုက်တာပဲဖြစ်သည်။ လိုအပ်တာကိုတော့ ဟိုရောက်မှ ထပ်ဝယ်ရမည်ပင်။

"ဦးလေး ကျွန်တော့်ကို ခဏစောင့်ပေးပါနော်။ အပေါ်မှာ ပစ္စည်းတွေချပြီးတာနဲ့ ဒါကို တန်းလာသယ်ပါ့မယ်ဗျ"

အဝတ်အိတ်နှင့် ပန်းကန်သေတ္တာကို တစ်ဖက်စီသယ်ထားရင်းမှ လိုတ အသည်းအသန် မေတ္တာရပ်ခံလိုက်ရသည်။ ခေါက်ကုတင်ကို သယ်ဖို့ဆို တစ်ယောက်တည်းတော့ မဖြစ်နိုင်ပေမဲ့ ဒီကတိုက်ခန်းတွေက ဓာတ်လှေကားရှိသည်မို့သာ တော်သေးသည်။ မဟုတ်ရင် သယ်ဖို့မဖို့က လွယ်တာမဟုတ်။

ကားမောင်းသည့်ဦးလေးကြီးကတော့ သူ၏ မနိုင်မနင်းဖြစ်နေသော အမူအရာတို့ကို ကြည့်ကာ

"အိမ်ပြောင်းတာလား တူလေး"

"ဟုတ်တယ်ဗျ"

"ဪ စောစောက ပြောတာမဟုတ်ဘူး။ ပစ္စည်းတွေက နည်းနေတော့ အဲ့လိုမထင်မိလိုက်တာ။ လာပါ ငါပါ ကူသယ်ပေးမယ်"

ဦးလေးကြီးက ပြောပြောဆိုဆိုနှင့် ခေါက်ကုတင်ကြီးကို ထုတ်လာကာ အပေါ်ထိ ကူသယ်ပေးမည့်ပုံပင်။ လိုတမှာ ရင်ထဲအသည်းထဲကကို ကျေးဇူးတင်မိသွားသည်။ သူတို့နှစ်ယောက် တိုက်ကြီးထဲဝင်လိုက်ချိန် မိုးကလည်း အချိန်ကိုက် ဆိုသလို ဝေါခနဲ ရွာလာသည်။ ဘာပဲပြောပြော ဒီနေ့မိုးကလည်း ကျေးဇူးတင်စရာပင်။

လိုတနှင့် Taxi Driverဦးလေးကြီးမှာ ပစ္စည်းများကို သယ်မထားသည်မို့ အထဲဝင်လိုက်သည်နှင့် လူတွေက စုပြုံကြည့်လာကြသည်။ ဓာတ်လှေကားဆီသွားသည့်တလျောက် ပစ္စည်းများ၏ လေးလံမှုကို ကြံ့ကြံ့ခံကာ ပင်ပင်ပန်းပန်းသယ်နေရသည်။ ဓာတ်လှေကားထဲတွင်တော့ လူမများဖို့ မျော်လင့်မိသည်။ တော်သေးသည်က ခေါက်ကုတင်သည် ဝိတ်သိပ်မများခြင်းပင်။ နို့မို့ဆို ဓာတ်လှေကားထဲ အဝင်ခံမှာမဟုတ်။ ဒါကြောင့်မို့လည်း လိုတရမှာ ဓာတ်လှေကားထဲ အမြန်ရောက်ဖို့အရေးကိုပဲ စိုင်းပြင်းနေရသည်။

Love Like Heaven (Completed)Where stories live. Discover now