Uni
ပိုင်ဥာဏ်က တံခါးရှေ့မှာရပ်ကာ ကျောပိုးအိတ်အမည်းကြီးကို လွယ်ထားသည်။ ကျောပိုးအိတ်သည် အကြီးကြီးဖြစ်တာမို့ ပိုင်ဥာဏ့်ကျောပြင်ကျယ်ကြီးကိုတောင်ဖြတ်၍ အရှေ့ဘက်သို့ ကဲထွက်နေသည်။ ပိုင်ဥာဏ့်ပုံစံက အလည်လာသည့်ပုံမျိုးနဲ့တောင် မတူ။ ရှပ်အင်္ကျီအပြာနုရောင်နဲ့ ဂျင်းအမွဲတစ်ထည်ကို ဝတ်ဆင်ထားကာ မနက်ခင်း၏ နေရောင်ခြည်လိုမျိုး နုသစ်နေသည်။ ခရီးဝေးလာခဲ့ရတာချင်းတူရင်တောင် ပိုင်ဥာဏ်နဲ့ လိုတက ဘယ်လိုမှမတူ။ လိုတက ပျော့ဖတ်ပြီးနုံးချိနေခဲ့သလောက် ပိုင်ဥာဏ်ကတော့ စက်ဘီးစီးပြီးလာတဲ့ပုံနဲ့တောင် တူနေသေးသည်။ လန်းဆန်းလတ်ဆတ်နေလိုက်သည်မှာ မျက်စိတောင် ကျိန်းချင်စရာ။
တံခါးကိုကိုင်ပြီး နှုတ်ခမ်းနှစ်လွှာဟဟကလေးပွင့်သွားသည်အထိ အံ့ဩနေသော လိုတကို ပိုင်ဥာဏ်က မျက်ခုံးတစ်ဖက်ပင့်ကာ ငုံ့ကြည့်သည်။ ပြီးနောက် ကြောင်အနေသူကို တိုးတိုက်ကာ ဝင်သွားလိုက်ပုံက သူငှားထားသည့် အိမ်အတိုင်း။
"မြှောင်"
လိုတကတော့ အသံကြားတော့မှ ပိုင်ဥာဏ့်လက်ထဲက ချာချီကို မြင်တော့သည်။ ချာချီသည် ပိုင်ဥာဏ့်ရင်ခွင်ထဲတွင်ရှိနေကာ သာသာကလေးဖက်ထားခံရပေမဲ့ မလှုပ်မယှက်။ မျက်လုံးပြူးကြီးများကတော့ လိုတကို စိုက်ကြည့်နေကာ ဗလကြီးဆီမှ ကယ်ထုတ်သွားပေးဖို့ အသနားခံနေသည့်အတိုင်း။ လိုတကတော့ ချာချီ့ကိုမပြောနဲ့ သူ့ဟာသူတောင် မကယ်တင်နိုင်သေးပေ။ လိပ်ပြာလွင့်မတတ် လန့်စရာဖြစ်ရပ်ကြီးကြောင့် တော်တော်ကြီးကြာအောင် သူ တောင့်တင်းနေခဲ့မိတာဖြစ်သည်။
အခန်းထဲဝင်ပြီး ပစ္စည်းထုပ်ချနေသည့် ပိုင်ဥာဏ့်ကျောပြင်ကြီးကို ခပ်ငေးငေး စိုက်ကြည့်နေမိရင်း ကျောက်ရုပ်တစ်ခုလို ငြိမ်နေခဲ့မိတာပင်။
"ပိုင်..ညံ"
နှုတ်ခမ်းလှုပ်ရုံရေရွတ်မိတော့ ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေ ပြောင်းပြန်စီးသွားသလားတောင် ထင်ရသည်။ ထိတ်လန့်သွားသည့်စိတ်အစုံက တော်တော်နဲ့ မူလအခြေအနေကို ပြန်မရောက်။ သူ့အတွေးထဲမှာတော့ သူနဲ့ပိုင်ဥာဏ်က ကိစ္စပြတ်သွားခဲ့ပြီဖြစ်သည်။ သူက ပိုင်ဥာဏ်ကို ထွက်သွားပါ့မယ်လို့ ကတိပေးခဲ့ပြီး တကယ်လည်း ထွက်လာခဲ့သည်။ သို့သော်...
YOU ARE READING
Love Like Heaven (Completed)