The Final Episode

1K 40 21
                                    

Uni

ကောင်းကင်ကြီးက ကျယ်ပြန့်စွာအုပ်မိုးထားသည့်နေရာတစ်ခု။ လှိုင်းပုတ်သံတွေက နားထဲ၌ တဝုန်းဝုန်းနှင့်။ သဲအပြည့်ဖြစ်နေသော ကမ်းခြေနေရာ။ လေတိုက်လိုက်တိုင်း တဖွားဖွားလွင့်သွားတတ်သော သဲမှုန်များနှင့်အတူ လတ်ဆတ်၍ဆားနံ့ပါသောလေထု။

ပင်လယ်ပြင်ကြီးကို အရှေ့မှာ လှလှပပမြင်နေရသည်။ ရေပြင်ကြီးက အစသာရှိ၍ အဆုံးမရှိသလိုမျိုး တနံတလျား ကျယ်ပြောလွန်းသည်။ မိုးလင်းတော့မည်။ အရှေ့ဘက်ရောင်နီက ထွက်မလာသေးခင် သူ၏ရောင်ခြည်ဂါဝန်စများကို လောကအနှံ့ဖြန့်ခင်းသည်။ ထိုဇာရောင်ခြည်စများသည် ပင်လယ်နှင့်ကောင်းကင်အကြား နေရောင်တောက်ပစွာဖြင့် တရိပ်ရိပ်တက်လာသည်။ အမှောင်ကိုခွင်း၍ မနက်ခင်း၏အစကို ပြူတစ်တစ် ချောင်းကြည့်နေကြဟန်ဖြင့်။

လေတစ်သုတ်တိုက်ခတ်သွားတော့ ပြင်ဆင်ထားသည့် ခန်းဆီးစများက တလွင့်လွင့်။ လိုတက ပြုံးသည်။ လူသူမရှိသည့် ကမ်းခြေမှာ တစ်ယောက်တည်းရပ်နေရသည့်ခံစားချက်က တကယ်ပဲမိုက်လွန်းလှသည်။ လေတစ်ချက်တိုက်လိုက်တိုင်း ဝတ်ထားသည့် ပုဆိုးစကလွင့်သည်မို့ လိုတပုံစံက ဝတ်ရုံလွင့်နေသည့် သူရဲကောင်းလိုလို ဘာလိုလို။

သို့ပေသိ ဘယ်သူရဲကောင်းကမှ ဒီလောက်နူးညံ့ဖြူဆွတ်နေမည်မထင်ပါ။ လိုတက အဖြူရောင်လည်ကတုံးနှင့် ပုဆိုးအပြာရောင်လွင်လွင်ကို ဝတ်ဆင်ထားသည်။ ရွှေချည်တွေလည်းဖောက်ထားသေးတာမို့ သာမန်ပွဲတက်ရုံအဝတ်အစားမျိုးတော့မဟုတ်။ ဖြူဆွတ်နေသည့်အသားအရေက ဘာဝတ်ဝတ်တင့်တယ်လွန်းလှသည်။ ပုဆိုးနှင့်အင်္ကျီမှာ ခန္ဓာကိုယ်သွယ်သွယ်၌ မကျဉ်းလွန်းမကျယ်လွန်းနေရာယူသည်မို့ မြင်ကွင်းတစ်ခုလုံးက ပနံသင့်နေ၏။

လေတိုက်လိုက်တိုင်း လွင့်သည်က ပုဆိုးတစ်ခုတည်းတော့မဟုတ်။ အဖျားကွေး၍ အရင်းဖြောင့်သော ဆံပင်ဖွာဖွာလေးများလည်းပါ၏။ လိုတက ခါတိုင်းလိုပင် သူ့ဆံပင်ကိုဆီလိမ်းမထား။ သို့သော်ငြားလည်း သူ့ဆံနွယ်တွေက နူးညံ့နေဆဲပင်ဖြစ်သည်။ ယခုလည်း ဆံနွယ်တို့က နူးညံ့သော ကဟန်များဖြင့် ပင်လယ်လေ၏ သီဆိုမှုမှာ ကခုန်နေကြသည်သာ။

Love Like Heaven (Completed)Where stories live. Discover now