Uni
"လိုတ"
"ဟင်"
စာငုံ့ဖတ်နေတုန်း ရည်မွန့်အသံကြောင့် လိုတရ ကမန်းကတန်း မော့ကြည့်လာသည်။ ရည်မွန်က မျက်ခုံးတွေကို တွန့်ကျုံ့ပြီး သူ့ရှေ့မှာ မတ်တပ်ရပ်နေသည်။
"ရည်မွန် မင်း ဒီကို ဘာလာလုပ်တာလဲ။ ထူးထူးဆန်းဆန်း"
သူ အံ့ဩတကြီးမေးမိသည်။ ခါတိုင်းဆို သက်လျာရော ရည်မွန်ရောက စာကြည့်တိုက်ဆို ဝေးဝေးကရှောင်သည့်အမျိုး။ အခုတော့ စာကြည့်တိုက်ထဲ စာလာဖတ်သည့် သူ့ရှေ့အထိ ရောက်လာသည့်ကိစ္စမှာ ပေါ့သေးသေးမဟုတ်မှန်း တစ်ခါတည်း ခန့်မှန်းလိုက်မိသည်။
"ငါနဲ့ လက်ဖက်ရည်ဆိုင်ခဏလိုက်ခဲ့ကွာ။ ဒီမှာပြောလို့ အဆင်မပြေဘူး"
ရည်မွန့်မျက်နှာက မကြည်မလင်။ လိုတရ နည်းနည်းတော့ ရိပ်မိသွားပေမဲ့ ဟန်မပျက်ပင် စာအုပ်တွေကို ကောက်သိမ်းလိုက်သည်။ ထို့နောက် နှစ်ယောက်သား ကျောင်းရှေ့ ခပ်လှမ်းလှမ်းဆီက လက်ဖက်ရည်ဆိုင်ဆီ ထွက်လာခဲ့ကြသည်။ စာမေးပွဲကာလမို့ ဒီလိုအချိန်ဆို လက်ဖက်ရည်ဆိုင်မှာ ကျောင်းသားတွေ ပြည့်နေသည်။ လက်ဖက်ရည်သောက်ရင်း ဦးနှောက်ဆေးသူများက တစ်မျိုး၊ ဆိုင်ထိုင်ရင်း စာကြည့်သူများက တစ်ဖုံနှင့် အတော်စည်ကားနေတာဖြစ်သည်။
"ငါ မေးစရာရှိတယ် လိုတ"
လက်ဖက်ရည်မှာပြီးနောက် ရည်မွန်က မကြည်မလင်ဖြင့် စပြောလာသည်။ လိုတက ကျေကျေနပ်နပ်ခေါင်းညိတ်၏။
"မေးလေ မင်းကြိုက်တာကိုမေးလိုက်"
ရည်မွန်က လွယ်အိတ်ကြိုးကို ခပ်ဆဆပွတ်သပ်ရင်း လိုတရကို အကြာကြီးကြည့်နေသည်။ သူ့ပုံစံက မေးသင့်မမေးသင့် ချိန်ဆနေသည့်ဟန်မျိုး။
"အခုတလော မင်းနဲ့ပိုင်ဥာဏ် မတည့်ကြဘူးမလား"
"မတည့်တာတော့ မဟုတ်ပါဘူး။ ဒီလိုပါပဲ ဘာဖြစ်လို့လဲ"
"ပိုင်ဥာဏ်က ပြောလိုက်တယ်"
"အင်း သူက ဘာပြောလဲ"
လိုတရက အေးဆေးနေသလောက် ရည်မွန်က ချီတုံချတုံဖြစ်နေသည်။ အခုတလော ဘယ်လိုပဲကြည့်ကြည့် လိုတရပုံစံက ထူးဆန်းနေသည်ကြောင့် ပိုင်ဥာဏ်ကို မရအရ ကပ်မေးလာခဲ့တာဖြစ်သည်။ ပိုင်ဥာဏ်က အစက ဘယ်လိုမေးမေး ပြောမပြပေမဲ့ နောက်ဆုံးတော့ နားပူလို့လား မသိပါ။ 'သက်လျာနဲ့ လိုတ'ချစ်သူဖြစ်နေလို့ဆိုပြီး အော်လွှတ်လိုက်သည်။ ဒီစကားကို သူ ကြားခဲ့တာ အကြိမ်ရေတော်တော်များပြီဖြစ်သည်။ အရင်ကတော့ သူများတွေပြောသည့် ဘေးစကားဖြစ်သောကြောင့် သူ ဂရုမစိုက်ဘဲနေခဲ့သလောက် အခုမှာတော့ ပိုင်ဥာဏ့်နှုတ်က ထွက်လာပြီမို့ စိတ်ရှုပ်သွားမိသည်။
YOU ARE READING
Love Like Heaven (Completed)