Uni
"လိုတရရေ မင်းက မရောက်လာနိုင်သေးဘူးလား။ မြန်မြန်လာဟ အကျိုးနည်း။ ၆နာရီကျော်နေပြီနော်"
အင်္ကျီအဖြူလက်ရှည်၊ ပုဆိုးအသစ်ကို ဝတ်ဆင်ထားသော ခန့်မင်းကျော်က ဖုန်းထဲကို ငေါက်ငမ်းနေသည်။ သူက ဆိုင်ကယ်ကိုမှီထားရင်း လက်မှာပတ်လာသည့် နာရီအသစ်ကိုလည်း ခဏခဏငုံ့ကြည့်၏။ ဇော်မြတ်ကတော့ ခန့်မင်းကျော်၏ ဘေးတွင်ရှိသည်။ သူလည်းဆိုင်ကယ်ကိုမှီထားတာပင်။ အိပ်ချင်သည့်ဟန်ဖြင့် သမ်းပင်သမ်းနေသေးသည်။
လပြည့်နေ့မို့ လိုတရနဲ့သူတို့ ဘုရားသွားဖို့ ချိန်းထားတာဖြစ်သည်။ လိုတရက မလာနိုင်သေး။ ဘုရားမုဂ်ဝမှာ စောင့်နေတာ ငါးမိနစ်တောင်ရှိပြီဖြစ်၏။ အနီးအပါးမှ အိမ်အချို့ဆိုလျှင် ဆီမီးတွေတောင် ထွန်းနေကြလေပြီ။
"ဟိုမှာ လာပြီလားမသိဘူး"
ဇော်မြတ်က သူ၏ အင်္ကျီအဖြူကို ဆွဲချရင်း ပြော၏။ ခန့်မင်းကျော် ဇော်မြတ်ညွှန်ပြရာဆီ မော့ကြည့်လိုက်သည်။ စက်ဘီးလေးတစ်စီးက ဘုရားရှိရာ လမ်းသွယ်ထဲသို့ ကွေ့ဝင်လာနေသည်။ အဖြူရောင်အင်္ကျီနှင့် ပုဆိုးကို ဝတ်ထားသော လိုတ၏ နားရွက်ကားကားက အဝေးကကြည့်လျှင်ပင် သိသာထင်ရှား၏။ မျက်နှာဖြူဖြူမှာ သွားပေါ်အောင် ပြုံးလာတာကလည်း သိသာနေကာ ခန့်မင်းကျော်ကတော့ နှာခေါင်းရှုံ့သည်။
"ဟေ့ကောင် ရယ်မနေနဲ့ မြန်မြန်လာခဲ့။ မင်းစက်ဘီးနင်းတာ လိပ်လိုပဲ"
"ပုဆိုးနဲ့ကွ"
လိုတရက ရယ်ရင်းဖြင့် စက်ဘီးကို ရပ်ကာဆင်းလိုက်သည်။ ဘယ်တုန်းကမှ ဆီမလိမ်းဖူးသည့် လိုတရ၏ ဆံပင်ကွေးကွေးတွေမှာ Hair Coatလား အုန်းဆီလားမသေချာသည့် ဆီတွေကို တွေ့လိုက်ရသည်။ အနားကိုကပ်လိုက်တော့လည်း မွှေးရနံ့က သင်းခနဲ။ လည်ကတုံးနှင့် ပုဆိုးအပြာကွက်ကို လိုက်ဖက်ညီစွာဝတ်ဆင်လာပုံက ခါတိုင်းထက် တမူထူးခြားနေသည်။ သုံးယောက်လုံး ဘုရားသွားမည်မို့ ဒီလိုပုံစံတွေချည်း ဝတ်ခဲ့တာ မှန်သည်။ သို့ပေမဲ့ ပဲမများတတ်သည့် လိုတရက ဒီနေ့မှ ပဲတွေလှိမ့်များနေ၏။ ခန့်မင်းကျော် မယုံသင်္ကာဖြင့် မျက်မှောင်ကျုံ့မိ၏။
YOU ARE READING
Love Like Heaven (Completed)