Uni
ရင်းနှီးနေသော တက္ကသိုလ်လမ်းလေးထဲသို့ အငှားကားတစ်စီးဝင်လာသည်။ ခဲရောင်ကားလေးသည် အိမ်များ၊ လမ်းများနှင့် ဈေးဆိုင်များကိုဖြတ်သန်းကာ အန်တီကေသွယ်တို့ အဆောင်အိမ်ရှေ့သို့ တန်းတန်းမတ်မတ်ထိုးဆိုက်လာသည်။ စောစောရောက်မည်ဟု ဖုန်းဆက်ပြောထားပြီးသားပေမို့ အန်တီကေသွယ်ရော အန်တီနိုးနိုးပါ ထွက်ကြိုကြသည်။ ကားပေါ်က ဆင်းလာသည့်နှစ်ယောက်ကတော့ ခပ်ပြုံးပြုံးဖြင့်။
ခန့်မင်းကျော်က အဖြူနှင့်လိမ္မော်ရောစပ်ထားသော ရှပ်လက်ရှည်ကို ဝတ်ဆင်ထားကာ လိုတရကတော့ လိမ္မော်ဖျော့ဖျော့ တီရှပ်လေးဖြင့် နုသစ်နေသည်။ အန်တီနှစ်ယောက်ကိုမြင်တော့ ပြုံးလိုက်သည့်ပုံက မျက်တောင်ကော့ကော့တွေနှင့်မို့ အလွန်ကြည့်ကောင်းနေသည်သာ။
"အန်တီတို့ ဒါက သားပြောထားတဲ့ သားငယ်ချင်း... ခန့်မင်းကျော်လို့ ခေါ်တယ်ဗျ။ သူလည်း ရုက္ခဗေဒအထူးပြုပဲ၊ မကွေးတက္ကသိုလ်ကလေ"
"ဪ အေးအေး ဟုတ်ပါရဲ့။ အရပ်ကြီးက ရှည်သားပဲနော်"
အန်တီကေသွယ်က ခန့်မင်းကျော်ကို သဘောတကျကြည့်ကာ အရပ်ကိုချီးကျူးသည်။ ခန့်မင်းကျော်ကလည်း လိုတရနီးပါးတော့ လူကြီးသူမတွေချစ်တာ ခံရပါသည်။ လိုတရကျ လိမ္မာဟန်လေးရှိသည်မို့၊ ခန့်မင်းကျော်ကျတော့ အမြဲတမ်း ပြုံးဖြီးနေသည်မို့။
"အန်တီတို့ မင်္ဂလာပါဗျ။ လိုတပြောတာ ဟုတ်သားပဲ။ အန်တီနှစ်ယောက်လုံး ချောလိုက်တာ ဟီး"
"အမလေး လာမြှောက်နေတယ် တကယ်မလွယ်တဲ့ကောင်လေးပဲ။ လာလာ အထုပ်တွေသယ်ကြတော့လေ။ ကားဆရာကို အားနာစရာကြီး"
"ရပါတယ်ဗျာ"
ကားဘေးမှာ ရပ်နေသည့် ကားဆရာကြီးက ခပ်ပြုံးပြုံးလှမ်းပြောရှာသည်။ ထို့နောက် ကောင်လေးနှစ်ယောက်နှင့်အတူ ကားထဲက အထုပ်အပိုးများကို အိမ်ထဲသယ်ပေးပါ၏။ ကားထွက်သွားတော့မှ လိုတရနှင့် ခန့်မင်းကျော်လည်း အထုပ်ကိုယ်စီဆွဲလျှက် အပေါ်ထပ်သို့ တက်ကြတော့၏။
"ဝါး ဒီမှာ မင်းတို့နေတာပေါ့"
"အေးပေါ့ဟ"
VOCÊ ESTÁ LENDO
Love Like Heaven (Completed)