Uni
"ဘယ်သွားမလို့လဲ"
ပိုင်ဥာဏ့်စကားကြောင့် အပြင်ထွက်ရန်ပြင်ဆင်နေသော လိုတက မော့ကြည့်လာသည်။ ဘောင်းဘီအတို၊ တီရှပ်အပြာလက်ရှည်နှင့် ဆံပင်ကို ဖြီးနေသော လိုတက ပိုင်ဥာဏ့်ကို ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံး၏။ ဒီအပြုံးက တခြားအပြုံးတွေနဲ့မတူဘဲ အနည်းငယ်ပေါ့ပါးနေသယောင်ခံစားရသည်။ ငှက်ငယ်လေးက လှောင်အိမ်ထဲက ထွက်တော့မည့်အခါ ပြုံးသည့်အပြုံးမျိုး။
"ငါ ဆံပင်သွားညှပ်မလို့"
"ဟင် မင်းဆံပင်က အဲ့လောက်မှမရှည်သေးတာ"
ပိုင်ဥာဏ်က လိုတ ဆံပင်တွေကို မော့ကြည့်ရင်း ပြောလာသည်။ လိုတရ၏ ဆံပင်အုပ်အုပ်တွေက မျက်ခုံးသို့ ထိလုထိခင်အထိ ဝဲကျနေတတ်ပေမဲ့ ညှပ်ရမည့်အဆင့်အထိတော့ မရောက်သေးပါ။ ၉တန်းကတည်းကစပြီး အခုအချိန်အထိ လိုတက ဒီဆံပင်ကေနဲ့ပဲမို့ ဘယ်လောက်ရှည်ရင် ညှပ်ရတော့မည်ဆိုတာအထိ ပိုင်ဥာဏ် သတိထားမိပါ၏။
ပိုင်ဥာဏ့်စကားကိုကြားတော့ လိုတရက မှန်ဆီ ပြန်လှည့်သွားသည်။ ပြီးနောက် သူ့ဆံပင်ကို ခပ်ဖွဖွကိုင်ကြည့်ကာ
"ညှပ်မဲ့အချိန်တော့ မရောက်သေးပေမဲ့ ငါကေပြောင်းရမလားလို့လေ။ ဒီကေပဲထားရတာ ငြီးငွေ့လာပြီ"
"အထူးအဆန်းပါလား လိုတရာ။ အရင်နှစ်တွေတုန်းက မင်းပြောခဲ့တာတော့ ဒီကေကပဲ မင်းနဲ့အလိုက်ဆုံးဆိုပြီးတော့။ မှန်မှန်ပြောလိုက်စမ်းပါ။ မင်း တစ်ခုခုကြံစည်နေတာမလား"
ပိုင်ဥာဏ့်စကားကိုကြားတော့ လိုတရက နှာခေါင်းရှုံ့လိုက်ကာ
"ငါကပဲကြံစည်ရတယ်ရှိသေးတယ်။ ကေအသစ်လေးပြောင်းဖို့ကို ဘာတွေကများ အဲ့လောက်ထူးဆန်းနေလို့လဲ။ ငါသွားတော့မယ် ဟျောင့်။ ကျောင်းပိတ်ရက်လေးသွားရတာ ငါ့မှာ။ နေ့လည်မတိုင်ခင်ပြန်လာခဲ့မယ်"
"အိုခေ"
ပိုင်ဥာဏ်က ကြည်ကြည်သာသာ လက်ခံသည်။ လိုတကတော့ ဆောင်းပါးအကြောင်းပြန်တွေးမိရင်း ပြုံးမိသွားသည်။ ဆောင်းပါးပိုင်ရှင်၏ ပဉ္စမအချက်က ဆံပင်ပုံစံအသစ်ပြောင်းဖို့ပဲ ဖြစ်သည်။ ဒါမှစိတ်သစ်လူသစ်နဲ့ အချစ်ဟောင်းကို မေ့နိုင်သွားမည်ဟု ဆောင်းပါးရှင်ကဆိုသည်။ သူပြောတာလည်း ဖြစ်နိုင်ချေရှိနေတာပဲမို့ လိုတရ အကုန်လိုက်လုပ်ဖို့ ရည်ရွယ်ထားသည်။
YOU ARE READING
Love Like Heaven (Completed)