Uni
ညခင်းသည် တိတ်ဆိတ်ပြီး မှောင်မိုက်သည်။ အမှောင်ထုကြားထဲ၌ နီယွန်မီးလုံးပေါင်းများစွာ၏ အလင်းရောင်သည်သာ စုစုဝေးဝေးလင်းထိန်နေပါ၏။ အေးစက်သော ညတစ်ညဖြစ်သော်ငြား အကင်ကင်ရာမှထွက်ပေါ်လာသည့် မီးစတို့နှင့် မီးခိုးတို့ကြောင့် နွေးထွေးသည်ဟု ထင်ရသည်။
ပွဲကို သက်လျာတို့ခြံဝန်း၏ အနောက်ဘက်၌ ကျင်းပကြတာဖြစ်သည်။ မြက်ခင်းပြင်ပေါ်၌ အခင်းကြီးတစ်ခု ခင်းလိုက်ကာ အလယ်မှာ စားစရာတွေချထားသည်။ အပေါ်ဘက်တွင် မည်သည့်သစ်ပင်မှ အုပ်မိုးမနေဘဲ မဟူရာရောင်သမ်းနေသော ကောင်းကင်ကြီးကသာ ကျယ်ကျယ်ပြန့်ပြန့် အုပ်မိုးထားသည်။
ယောကျ်ားလေးတွေချည်း ရှိနေတာမို့ သောက်စရာလေး ဘာလေးနဲ့လည်း မကင်းကြပေ။ အခင်းအလယ်မှာ မိန့်မိန့်ကြီး ရပ်တည်နေကြသည့် ဘီယာဘူးတွေက အစုလိုက်အပြုံလိုက်။ လိုတက အခင်းအစွန်ဘက်၌ထိုင်ကာ ထိုဘီယာဘူးတွေကိုကြည့်ရင်း သက်ပြင်းချသည်။
အစကတော့ အကုန်စုပြီး ဘီယာသောက်ကြမယ်လို့ မထင်လိုက်ပေ။ အရက်သာဆို ရေမသိမသာရောပြီး သောက်လိုက်လို့ရသည်ပဲ။ ဘီယာဘူးကျတော့...
လိုတ လွတ်လမ်းကို ရှာမတွေ့ပေ။ မူးတတ်သည့်အရာဆိုတာကလည်း သိတဲ့အတိုင်း အလိမ်ဖော်စက်ထက်ပင် ပို၍ အစွမ်းထက်မြက်သေးသည်။ မတော်လို့ မူးကွဲနေအောင်သောက်လိုက်မိပြီး ပိုင်ဥာဏ်ကို တစ်ခုခု ပြောလိုက်မိရင် ဘယ်လိုလုပ်ပါ့မလဲ။ လိုတ အစိုးရိမ်ဆုံးက ဒီကိစ္စပဲဖြစ်သည်။ တစ်သက်လုံးထိန်းသိမ်းလာရသည့် ကိစ္စတစ်ခုကို ဘီယာလေးတစ်ဘူးနှစ်ဘူးလောက်နဲ့ ပေါ်မသွားစေချင်။
ဒါကြောင့်မို့သာ သူငယ်ချင်းတွေနဲ့တွေ့တိုင်း လိုတဘက်က သိပ်မသောက်ခဲ့တာဖြစ်သည်။ ထိုစည်းမျဉ်းအား ကိုယ့်ဘာသာ သတ်မှတ်ကာ ကိုယ့်ဘာသာကန့်သတ်၍ လိုက်လည်း လိုက်နာနိုင်ခဲ့သည်။ အခုတစ်ခါ... အခုတစ်ခါတော့ သူ့မှာ ရှောင်ထွက်ဖို့ တကယ်နည်းမရှိပေ။
ကားမောင်းရမှာလို့ ပြောရအောင်လည်း ဘယ်မှာလဲ သူ့ကား။ နေမကောင်းဘူးလို့ ပြောရင်လည်း အခိုးပွင့်အောင်ဆိုပြီး အတင်းသောက်ခိုင်းမှာ သူ အာရုံတွေ ရနေသည်။ မသောက်ချင်ဘူးဆိုရင်တောင် ဒီကောင်တွေက မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်တိုက်လိမ့်မည်။ အနည်းဆုံးတော့ အကုန်လုံး မူးရီရီလေးဖြစ်နေရင် တောရောက်တောင်ရောက်စကားတွေပြောပြီး ပိုပျော်ဖို့ကောင်းတယ်မလား။
YOU ARE READING
Love Like Heaven (Completed)