Episode 38

183 19 0
                                    

Uni

ဘွတ်ဖိနပ်အဖြူလေးအောက် ကတ္တရာလမ်းမကြီးသည် ဝေး၍ဝေး၍ ကျန်ရစ်ခဲ့သည်။ ကောင်းကင်ပြာပြာသည် အပေါ်စီးမှနေ၍ သူ့ကို အုပ်မိုးနေသည်။ နေရောင်ခြည်သည် မနွေးထွေး။ မနွေးထွေးရုံမျှမက ပူလောင်လွန်းလှသည်။ သူ့ရင်ထဲမှ ဘာမှန်းမသိသည့် ခံစားချက်ကြီးနှင့် တူညီလှသည်။ ရင်ဘတ်သည် တင်းကြပ်နေသည်။ တင်းကြပ်ရုံမျှမက အသက်ခပ်ပြင်းပြင်းရှူလိုက်လျှင် ပေါက်ကွဲသွားတော့မည်ဟုပင်ထင်ရသည်။ သူ အသက်ရှူလို့မကောင်း။ လေများများတိုက်သည့် နေရာတစ်နေရာသို့ ထွက်ပြေးလိုက်ချင်သည်။ ဒါကပင် သူ့ကို ထိုနေရာသို့ တွန်းပို့နေတာဖြစ်လိမ့်မည်။

ဘတ်စ်ကားတစ်စီးထိုးဆိုက်လာသည်။ သူ ကားပေါ်တက်လိုက်၏။ ဂျင်းဘောင်းဘီအတိုနှင့် တီရှပ်လက်ရှည်... ဝတ်မြဲအတိုင်းဝတ်ထားသော်ငြား ဒီနေ့ လိုတရ၏ ပုံစံက ခါတိုင်းလို လန်းဆန်းလတ်ဆတ်မနေပါ။ သူ့အနား၌ ပျော်ရွှင်မှုလိပ်ပြာတွေ ဝေ့ဝဲမနေ။ ချမ်းမြေ့ခြင်းလည်း မရှိ။ ကောင်းခြင်းအားလုံးသည် ဆိတ်သုဉ်းနေသလိုပင်။ ဆောင်းပဲရှိသေးသည်မို့ ကားအပြင်ဘက်၌ မြင်ကွင်းက ဝေဝါးလှ၏။ ကားပြတင်းပေါက်မှန်သည် ရေငွေ့တွေနှင့်စိုထိုင်းထိုင်းရှိသည်။ လိုတရ ထိုဆီမှ မြေပြင်ထက်သို့ ငုံ့ငေးကြည့်မိသည်။

မျက်တောင်ရှည်တို့က ကားမှန်နှင့် ထိကပ်မတတ် မှေးစင်းသွားချိန်တွင် အပြင်ဘက်ရှိ မြင်ကွင်းကို ခပ်ဝါးဝါးမြင်ရ၏။ လမ်းမကြီးများ၊ ဈေးသည်များ၊ ဟိုဟိုဒီဒီပြေးလွှားနေကြသူများ။ ပန်းရောင်းနေသူများ၊ ဆိုင်ကြီးဖြင့် စားစရာအဝတ်အထည် စသည်တို့ ရောင်းချနေသူများ။ ရန်ကုန်မြို့၏ လမ်းမကြီးသည် စည်ကားမြဲသာဖြစ်သည်။ ယခင်ကလည်း စည်ကားခဲ့သည်။ အခုလည်း စည်ကားနေတုန်းပင်။ နားထဲသို့ ကျွတ်စီကျွတ်စီအသံတွေ ဝင်လာသည်မှာ အခုမှ မဟုတ်။ အဆောင်အိမ်မှာ ငြိမ်ငြိမ်လေးထိုင်နေလျှင်ကို ထိုသို့ နားပူရစမြဲ။

ဒီမှာ တိတ်ဆိတ်ငြိမ်သက်သည့် ပတ်ဝန်းကျင်ကို ရဖို့ရာ ခဲယဉ်းလွန်းသည်။ တိတ်ဆိတ်ခြင်းကို သီချင်းတစ်ပုဒ်လို ဖုန်းထဲထည့်၍ နားကြပ်နှင့် နားထောင်ရလျှင် ကောင်းလိမ့်မည်။ ဒီအကြောင်း သူ ရန်ကုန်စရောက်ကတည်းက စိတ်ကူးယဉ်မိသည်။ ဘတ်စ်ကားသည် နှေးကွေးလှ၏။ မြို့ထဲမှ အရာရာကို ရှင်းလင်းစွာပြသနေရင်း လိုရာခရီးသို့ ခပ်ဖြည်းဖြည်းသွားနေသည်။ မနက်ခင်းပိုင်းမို့ ဈေးသည်များ၊ ရုံးသမားများပါ ကားပေါ်ပါလာလေ့ရှိသည်။ မှတ်တိုင်တွေ ရောက်တိုင်း တစ်ယောက်တက် တစ်ယောက်ဆင်း။

Love Like Heaven (Completed)Where stories live. Discover now