Uni
"ပိုင်ဥာဏ် သွားတော့မလို့လား။ အစောကြီးရှိသေးတာကို"
လိုတ အိမ်အောက်ထပ်တွင်ထိုင်၍ ထမင်းစားနေစဉ် လှေကားမှဆင်းလာသော ပိုင်ဥာဏ်ကို လှမ်းနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ပိုင်ဥာဏ်က အရင် ဒီလောက်စောစောမထဖူးပါ။ အခုတော့ ၈နာရီဆိုတာနဲ့ အိမ်အောက်ထပ်ရောက်နေပြီဖြစ်သည်။ နောက်ပြီး ကျောင်းသွားဖို့အကုန်ပြင်ဆင်ပြီးဟန်ဖြင့် တစ်လှမ်းချင်းဆင်းလာသည်။ အိပ်ချင်မူးတူးမျက်လုံးများနှင့် ပင်ပန်းနေသည့်ဟန်က ဖျတ်ခနဲကြည့်လိုက်ရင်တောင် သိသာနေသည်။ လွယ်အိတ်ကြိုးကို တစ်ဖက်ပဲလွယ်ရင်း ဆင်းလာသည့်ဟန်က လေးလေးကန်ကန်။
"ငါ စာတွေကူးရဦးမယ် လိုတရေ... စိတ်ညစ်ဖို့ကောင်းလိုက်တာကွာ"
ပိုင်ဥာဏ်က ညည်းညူရင်းဖြင့် ဆံပင်တိုတိုကို ပွတ်သပ်နေသည်။ ထိုအခါ သူ့ပုံစံက လုံးဝရှုပ်ပွသွားကာ သေသပ်မှုမရှိဖြစ်နေသည်။ လိုတရမျက်ဝန်းတွေက ကြယ်စေ့မတပ်ရသေးသော အင်္ကျီဆီရောက်သွားကာ လက်ဖျားလေးတွေ ယားယံလာသလို ခံစားရသည်။ သူ သွားပြီး ကြယ်စေ့တပ်ပေးလိုက်ချင်သည်။
"လာပြီး ထမင်းစားဦးလေ။ ထမင်းစားပြီးမှ သွားပါလား"
"တော်ပြီဟ။ ငါက နောက်မှ ကန်တင်းပဲပြေးတော့မယ်။ အခုတော့ ငါသွားရဦးမှာ။ လေ့ကျင့်ရေးတုန်းက စာတွေအများကြီးပျက်ထားတာ။ နောက်ပြီး သိတဲ့အတိုင်း စာမေးပွဲက နောက်အပတ် တနင်္လာနေ့လေ။ ငါတော့ ဂွမ်းပြီပဲ"
ပိုင်ဥာဏ်က စိတ်ပျက်လက်ပျက်ပြောလာသည်။ ပိုင်ဥာဏ်ပြောတာလည်း မှန်သည်။ အားကစားပြိုင်ပွဲတွေပြီးသည့်နောက် စာမေးပွဲက တဆက်တည်းလိုက်ပါလာသည်။ သာမန်လူတွေအဖို့တော့ အဲ့တာက အရေးမကြီးပေမဲ့ အားကစားပြိုင်ပွဲဝင်ထားသူတွေအဖို့တော့ ကွာခြားသည်။ သူတို့က လေ့ကျင့်ရေးတွေအတွက် အတန်းချိန်အချို့လည်း ပျက်ထားရတာမို့ စာကူးရဖို့က အသည်းအသန်ဖြစ်နေသည်။
"အေးပါ အေးပါ မင်း ကိုယ့်ကိုယ်ကိုယ်လည်း မှန်ထဲကြည့်ဦး။ ရုပ်က အတော်လေးစုတ်ချာနေပြီ"
လိုတရ ထမင်းကို နယ်လိုက်ရင်း ပိုင်ဥာဏ်ကိုကြည့်ကာ ပြောလိုက်သည်။ ပိုင်ဥာဏ့်ပုံစံက ခေါင်းအစခြေအဆုံး တကယ်ပဲ နွမ်းရိနေသည်။ သူ စိတ်မကောင်းတောင် ဖြစ်သွားသည်။ မေဂျာတူသာဆို ပိုင်ဥာဏ့်ကိုစာမလုပ်ခိုင်းတော့ဘဲ စာမေးပွဲရောက်မှ စာပြပေးလိုက်မည်။
YOU ARE READING
Love Like Heaven (Completed)