Episode 195

206 18 5
                                    

Uni

"ဂျာလေး ဂျာလေး ဂျာလေး"

နားထဲမှာ ခေါ်သံကြားနေရပေမဲ့ ကိုယ့်ကိုခေါ်သည်လို့လည်း မထင်။ ဂရုတစိုက်လည်း နားထောင်မနေမိဘဲ နေမြဲတိုင်းသာ ငူငူကြီးထိုင်နေမိသည်။ မျက်လွှာချထားတာကြောင့် မျက်တောင်ကော့ကြီးများသည် အောက်သို့ငိုက်စိုက်ကျနေကာ သောကရောက်နေသည့်ဟန် ဖြစ်စေသည်။ နှဖူးစောင်းတွင် ချွေးအနည်းငယ်စို့နေကာ အသားအရည်က ဖြူဖတ်ဖတ်ဖြစ်နေတာကြောင့် သူ့အသွင်က နေမကောင်းသည့်လူနှင့်တောင် တူနေသေးသည်။ နောက်ပြီး ဒီနေ့မှ အင်္ကျီလက်ရှည်တစ်ထပ်ကိုပါ ထပ်ဝတ်လာတာကြောင့် ဆိုက်ထဲကလူတွေက သူ့ကို ကွက်ကြည့် ကွက်ကြည့်။

"ဂျာလေး"

"ဟင်"

ပုခုံးကို ဆောင့်တွန်းခံလိုက်ရမှ လိုတ သတိပြန်ဝင်လာမိသည်။ အသက်မဲ့နေသည့်မျက်ဝန်းများ တဖြည်းဖြည်းအရောင်စိုလာကာ မျက်တောင်ကော့ကြီးတွေကလည်း တဖျတ်ဖျတ်ခတ်ရင်း ပြန်လည်သက်ဝင်လာသည်။ လောကကြီးကို အဖြူအမည်းကနေ ကာလာသွင်းပေးလိုက်သလိုမျိုး။

အလုပ်သမားကောင်လေးက လိုတ မျက်နှာကိုစေ့စေ့ကြည့်ပြီးပြုံးကာ လက်ထဲက ဘောပင်လေးကို လှမ်းပေးသည်။

"ဂျာလေး ကျွန်တော်တို့နားက ဖြတ်သွားတော့ ကျကျန်နေခဲ့တာ"

"ဪ"

လိုတက ခေါင်းညိတ်သည်။ ပြီးနောက် ချွေးစို့နေသော လက်ချောင်းသွယ်သွယ်တို့ဖြင့် ဘောပင်ကို ဆွဲထုတ်ယူလိုက်သည်။ အစကနေအဆုံး သူ့ပုံစံက အသက်မပါ။ သက်ဝင်လှုပ်ရှားသည့်အမူအရာလေးသည် ပုခုံးကိုဆောင့်တွန်းခံလိုက်ရစဉ် တခဏမှာတင် ပေါ်ထွက်လာကာ ဖျတ်ခနဲပြန်ပျောက်ကွယ်သွားသည်။ မျက်တောင်ကော့ကြီးတွေ အောက်ငိုက်စိုက်ကျသွားတာကိုကြည့်ရင်း အလုပ်သမားကောင်လေးက နှမြောတသစွာ ပြန်ထွက်သွားသည်။

လိုတကတော့ လက်ထဲရောက်လာသည့် ဘောပင်ကို စိတ်မပါစွာ ဆုပ်ကိုင်ထားရင်း ကိုင်ထားသည့်ဖိုင်ကိုပါ ဟိုထိုးဒီထိုးပြုနေသည်။ သူ့အပြုအမူတွေက စာသင်ခန်းထဲက စိတ်လွင့်နေသည့် အထက်တန်းကျောင်းသားလိုမျိုး ပေါ့သွပ်ပြီး အဓိပ္ပာယ်မရှိဖြစ်နေသည်။ တစ်နည်းပြောရရင် သူ့စိတ်တွေ လေလွင့်နေတာ တော်တော်ကြီး သိသာလွန်းသည်။ အလုပ်ထဲရောက်ပါပြီဆိုကတည်းက မျက်နှာသေကြီးနှင့် အရိပ်ဘက်သွားထိုင်ပြီး လူတွေကို ဟိုကြည့်ဒီကြည့်။

Love Like Heaven (Completed)Where stories live. Discover now