Uni
"အမေ့"
အိပ်ရာက နိုးနိုးချင်း စားပွဲမှာ PCတစ်လုံးနှင့်ထိုင်နေသူကိုတွေ့လိုက်ရတာကြောင့် လိုတ အနည်းငယ်လန့်ဖျတ်သွားသည်။ ပြန်တွေးကြည့်တော့ ညက ပိုင်ဥာဏ်ရောက်လာခဲ့သမျှဟာ အိပ်မက်လိုလို၊ စိတ်ကူးလိုလို။ တစ်ပတ်လောက် တစ်ယောက်တည်းနိုးလာရတာကို နေသားကျနေမိပြီမို့ ပိုင်ဥာဏ်ကို ရုတ်တရက်တွေ့လိုက်တော့ လန့်သွားခြင်းသာ။
ပျင်းတိပျင်းရွဲ့ဖြစ်စရာကောင်းသော မနက်ခင်းကြီးပင်ဖြစ်သည်။ ပိတ်ရက်မို့ အလုပ်မသွားရသည်ကပင် ကံကောင်းမှုကြီးဟု ဆိုရမည်။ သူ ပိုင်ဥာဏ်နဲ့ မခွဲချင်သေး။ ကုတင်ပေါ်မှ ခပ်ဖြည်းဖြည်းဆင်းလိုက်ကာ ပိုင်ဥာဏ်ဆီ လျှောက်သွားလိုက်တော့ ပိုင်ဥာဏ်က ထိုင်နေရင်း လက်ဆန့်တန်းပြသည်။ သူ့ရင်ခွင်ထဲလာထိုင်ဆိုသည့်သဘော။
အထွန့်မတက်ဘဲ သွားထိုင်လိုက်တော့ နှစ်ယောက်သားက ပူးကပ်သွားသည်။ ပိုင်ဥာဏ့်ရင်ဘတ်ကို ခပ်လျော့လျော့မှီလိုက်တော့ ပိုင်ဥာဏ်က လိုတဆံပင်တွေကို ခဏခဏခိုးနမ်းသည်။
"ဘာလုပ်နေတာလဲ"
အိပ်ရာနိုးကာစ လိုတက ရီဝေဝေ။ မနေ့ညက ကိစ္စကြောင့်လည်း ပါလိမ့်မည်။ အဖြစ်အပျက်တွေက မြန်ဆန်တော့ သူ နေသားကျဖို့အချိန်မရှိသေးသလိုမျိုး။ တကယ်တော့ လိုတ နေသားမကျသေးလည်း ကိစ္စမရှိ။ ပိုင်ဥာဏ့်အနားမှာရှိနေရရင် လုံလောက်ပြီဖြစ်သည်။ သူ ပိုင်ဥာဏ့်အနားမှာ ဒီလိုလေးပဲ ကပ်နေချင်သည်။
"အလုပ်လုပ်နေတာလေ။ ဒီမှာကြည့်"
ပိုင်ဥာဏ်က mouseကို တစ်ချက်ကိုင်လိုက်တော့ လိုတတစ်ကိုယ်လုံးက ပိုင်ဥာဏ့်ရင်ခွင်ထဲ လုံးလုံးလျားလျားကျရောက်သွား၏။ ထထွက်သွားချင်ရင်တောင် သွားစရာအပေါက်မရှိ။
"အလုပ်"
"အင်း အလုပ်"
လိုတက အလုပ်ဆိုသည့်အသံကိုကြားတော့ မျက်မှောင်ကျုံ့ပြီး ပိုင်ဥာဏ်ကို မော့ကြည့်သည်။ ရင်ခွင်ထဲက မော့ကြည့်တာမို့ ပိုင်ဥာဏ့်နှုတ်ခမ်းနဲ့ လိုတနှဖူးက နီးကပ်နေသည်။ ပိုင်ဥာဏ်က မနေနိုင်စွာ ပြွတ်ခနဲ ငုံ့နမ်းလိုက်ပြီးမှ သူ မဟုတ်သလို မျက်နှာထားနှင့် ခေါင်းမော့၏။
VOCÊ ESTÁ LENDO
Love Like Heaven (Completed)