Uni
"တီတီတီ..."
မနက်ခင်းတစ်ခုကို ကော်ဖီခွက်နဲ့ အစပြုနေချိန် ကားဟွန်းသံအကျယ်ကြီးက သူ၏ တည်ငြိမ်မှုကို တစစီဖျက်စီးသွားသည်။ ပြင်ညီသည် ကော်ဖီခွက်ကို စားပွဲပေါ်ပြန်ချလိုက်ကာ ဦးနှောက်ထဲ၌ တွက်ချက်နေသည်။ ခါတိုင်းဆိုလျှင်တော့ မနက်၆နာရီလောက်ကြီး သူ့ဆီလာပြီး သောင်းကျန်းတတ်တာ တစ်ယောက်မှ ရှိသည်မဟုတ်။ ပိုင်ဥာဏ်ဆိုလျှင်တော့ ဖြစ်နိုင်ချေရှိသေးသည်။
ပါးစပ်ထဲမှ အခါးအရသာ ပျောက်ကွယ်မသွားခင် ကော်ဖီကို နောက်တစ်ငုံ ငုံလိုက်ပြီးမှ ခြံထဲကို ထွက်လာခဲ့လိုက်သည်။ တံခါးဖွင့်ပေးလိုက်သည်နှင့် ပိုင်ဥာဏ်၏ ကားအနက်ကြီးက ခြံဝန်းထဲကို လျှောခနဲဝင်လာသည်။ ပြင်ညီ၏ မျက်ဝန်းများမှာ အံ့ဩမှုအနည်းငယ် ဖြတ်ပြေးသွားကာ ပိုင်ဥာဏ်လာတာကိုပဲ ထူးဆန်းနေသလိုလိုဖြစ်နေသည်။ ခါတိုင်းဆို ဒီကောင် ဒီဘက်လာဖို့အရေး ပင့်ဖိတ်နေရတာ အခါတစ်ရာလောက်ရှိဦးမည်။ ဒါတောင်ငနဲသားက လာချင်မှ လာတတ်သည့်အမျိုး။
"ဘာကိစ္စလဲ"
တံခါးဖွင့်ပြီး ထွက်ထွက်လာချင်းမှာတင် လက်ဦးမှုရယူပြီး မေးမြန်းလိုက်သည်။ ပိုင်ဥာဏ်က ပြုံးလာသည်။ သို့သော် သူ့အပြုံးက အသက်မပါ။ အနည်းငယ် စိတ်လွတ်နေသလို မျက်နှာမျိုးနှင့်မို့ ပြင်ညီမှာ ပိုလို့တောင် ထူးထူးဆန်းဆန်း ခံစားနေရသေးသည်။
"အထဲဝင်ပါရစေဦး"
ပြောပြောဆိုဆိုနှင့် ပိုင်ဥာဏ်က ကားထဲကို ငုံ့ကာ ပစ္စည်းနှစ်မျိုးကို မ,ယူလိုက်သည်။ တစ်ခုက အကောင်းစားအရက်ပုလင်းကြီးတစ်ခု၊ နောက်တစ်ခုက အပြာရောင်စာအုပ်လေးတစ်အုပ်။ လက်မအားဖြစ်သွားသည့် ပိုင်ဥာဏ်က ကားတံခါးကိုတော့ ခြေထောက်နဲ့ကန်ပိတ်သည်။ ပြီးနောက် အိမ်ထဲသို့ ဝင်သွားလိုက်သည်မှာ ကိုယ့်အိမ်ကိုယ့်ယာအတိုင်း။ ပြင်ညီကတော့ မနက်စောစောစီးစီး ဘာဖြစ်မယ်မသိသော ကိုယ့်ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့နေမိသည်။ ပိုင်ဥာဏ်လာတိုင်း သူ့မှာ မျက်ခုံးလှုပ်ရပေမဲ့ ပုလင်းလေးကောင်းမှုနဲ့ ပါးစပ်ပိတ်ထားဖို့ပဲ တွေးလိုက်မိသည်။
YOU ARE READING
Love Like Heaven (Completed)