Episode 17

196 22 2
                                    

Uni

"ဟေ့ကောင်တွေ ၁၁နာရီထိုးတော့မယ်ဟ"

ခန့်မင်းကျော်၏ အလန့်တကြားပြောသံကြီးကြောင့် သူတို့တွေ တိုင်ကပ်နာရီကို မော့ကြည့်မိကြသည်။ နာရီသည် အမှန်တကယ် ၁၁နာရီထိုးတော့မည်။ ဂိုက်ဆင်းတော့မည်ဆိုပေမဲ့ သူတို့ မပျော်နိုင်ကြ။

"ကြီးတော်ပဲဟေး အခုမှ Chemistryပုစ္ဆာတွေတောင်မပြီးသေးဘူး။ ဒါပြီးရင် သင်္ချာမေးခွန်းဟောင်းအပုဒ်၄၀တွက်ရမှာမလား"

ဇော်မြတ်က မျက်နှာမကောင်းစွာ ပြောလာသည်။ သူ ပြောတာလည်း ဟုတ်သည်။ စာတွေက အကုန်မပြီးသေး။

"မနက်မှ လုပ်ရင်ရော။ ညနက်ပြီကွ။ မနက်ငါးနာရီထရမှာ။ ငါတို့တစ်နေ့ကို ၆နာရီပဲအိပ်ရတာကို ဒီထက်ပိုအိပ်ရေးပျက်ရင် လဲမှာပေါ့"

ပိုင်ဥာဏ်က သူ၏ မျက်ခုံးထူထူတို့ကို တွန့်ကျုံ့ကာပြောလာသည်။ လိုတရက နှဖူးမှ စိမ့်ကျလာသော ချွေးတို့ကို လက်တစ်ဖက်နဲ့ သုတ်လိုက်ရင်း

"ဟင့်အင်း မရဘူး။ မနက်ဂိုက်ချိန်မှာ မြန်မာစာရေသည်ပြဇာတ်ကျက်တာနဲ့ Physicsတွက်တာနဲ့ပဲ အချိန်ကုန်မှာ။ သင်္ချာအတွက်အချိန်မရှိဘူးနော်"

"မတတ်နိုင်ဘူး လိုတ။ ငါတို့ မီးအိမ်ဖွင့်ပြီး တွက်ရဦးမှာ"

လွင်ဟိန်းက မျက်မှန်အကြီးကြီးကို လက်နဲ့ပင့်ရင်း ခပ်ပျော့ပျော့လေသံလေးနှင့် ဝင်ပြောလာသည်။ အကုန်လုံး သက်ပြင်းချမိကြသည်။ သူတို့ကျောင်းက ဂိုက်ချိန်တွေပေးထားပေမဲ့ တကယ်တမ်း ကျောင်းက ပေးလိုက်တဲ့အိမ်စာနဲ့ လုပ်စရာတွေကို အစီအစဉ်ချတာတော့ ကိုယ်တိုင်လုပ်ရတာဖြစ်သည်။ ဘယ်လောက်ကောင်းတဲ့ကျောင်းမဆို ကျောင်းသားကိုယ်တိုင်ကသာ ပဓာနကျသည်။ ထို့ကြောင့် သူတို့ငါးယောက်မှာ အချိန်ဇယားကို ကိုယ့်ဘာသာဆွဲကာ စာကျက်နေရသည်။ ဒီနေ့က လိုတရ အချိန်ဇယားဆွဲသည့်နေ့ဖြစ်သည်။ နောက်နေ့ကျရင် လွင်ဟိန်းအလှည့်... စသည်ဖြင့် ကန့်သတ်ထားသည်။ တစ်နေ့ချင်းအချိန်ဇယားတွေကို အမြန်ဆွဲကာ ငါးယောက်အတူတူကျက်ကြ၏။

ကိုးတန်းတုန်းက စာကျက်ချင်ယောင်ဆောင်ခဲ့သော ကောင်လေးတွေမှာ ဆယ်တန်းကျမှာ ကြောက်သည့်စိတ်နှင့် ကြိုးစားလိုက်ရတာ အသည်းအသန်။ စာတွေကလည်း နှစ်စပဲရှိသေးတာတောင် အတော်ကြီးများသည်။ ကိုးတန်းတုန်းကလို ဒါသင် ဒါကျက်ပြီး တစ်နေ့စာတစ်နေ့ပြီးရုံနှင့် မလုံလောက်။ သင်္ချာဆိုလျှင် မေးခွန်းဟောင်းတွေ တွက်ရသည်။ Physicsနဲ့ Chemကလည်း ဘာမှမထူး။ ကျန်သည့်ဘာသာတွေလည်း ထူးမခြားနားပါပေ။ တစ်ခုခုသင်ပြီးလျှင် လေ့ကျင့်ရတာက ပိုပြီးများနေသည်။ စာက နည်းနည်းသင်ပြီး ကျက်ရတာ၊ လေ့ကျင့်ရတာက ငါးဆလောက်ဖြစ်နေ၏။ အဲ့ဒီလိုဆိုပြီး လိုက်မလုပ်ဘဲလည်း မနေနိုင်။ ကျောင်းစတက်သည့်နေ့က ဆရာမပြောခဲ့သည့်စကားကို နားထဲစွဲနေသည်။ သူလုပ်ခိုင်းတာတွေ အကုန်သာလုပ်၊ အောင်မှာအာမခံတယ်ဆိုသည့်စကား...

Love Like Heaven (Completed)Where stories live. Discover now