Episode 34

165 18 0
                                    

Uni

ပိုင်ဥာဏ် တံခါးကို ဆွဲဖွင့်လိုက်သည့်အခါ ကုတင်ပေါ်တွင် လုံးထွေးနေသည့် လိုတရကို လှမ်းမြင်ရသည်။ လိုတရက ကုတင်ဘေးမှ နံရံကို ကျောပေးကာ သူဝင်လာသည့်ဘက်ကို စာအုပ်အဖုံးထား၍ ဝတ္ထုဖတ်နေ၏။ အိပ်လျက်ဖတ်နေတာဖြစ်ပြီး စောင်တွေကြားလည်း လုံးထွေးနေသေးသည်။ ထို့အပြင် လိုတရက မျက်မှောင်ကျုံ့နေသည်။

ပိုင်ဥာဏ် ကိုယ့်မျက်နှာကိုယ် တဘက်တစ်ထည်နှင့် ရေသုတ်ရင်း တန့်သွား၏။ လိုတရက မျက်မှောင်ကျုံ့ပြီး စာဖတ်တယ်? ထူးဆန်းသည်။ အတော်ကြီးကို ထူးဆန်းနေသည်။ လိုတရ၏ စာဖတ်သည့်ပုံစံက ပိုင်ဥာဏ်နှင့်မတူပေ။ ပိုင်ဥာဏ်က တစ်ခုခုကို စူးစိုက်ဖတ်နေလျှင် မျက်မှောင်ကျုံ့ပြီးဖတ်တတ်တာမှန်သည်။ သို့သော် လိုတရမှာ အဲ့လိုအကျင့် လုံးဝမရှိပေ။ လိုတရက စာအုပ်တစ်အုပ်ကို ဖတ်လျှင် အေးအေးဆေးဆေးပဲဖတ်တတ်သည်။ သို့သော်အခုတော့ လိုတရ၏ မျက်ခုံးတန်းတွေက တွန့်ချိုးနေသည်။

ပိုင်ဥာဏ့်စိတ်ထဲ သံသယစိတ်များ တဖြည်းဖြည်း လှိုက်တက်လာရသည်။ သို့သော် သူ စပ်စုဖို့မတွေးမိသေးပါ။ တဘက်ကို လက်တစ်ဖက်က ကိုင်ရင်း ကုတင်အနားသွားလိုက်တော့ လိုတရက ဖျတ်ခနဲ စာအုပ်ကို စောင်အောက်ထဲထိုးထည့်၏။ ပိတ်ပြီးထိုးထည့်ခြင်းမဟုတ်။ စာအုပ်အဖုံးနေရာကို စောင်ဘက်ထိုးထည့်ပြီး ဆက်ဖတ်နေတာဖြစ်သည်။

မဟုတ်သေး။ ဒါကလုံးလုံးကို ပုံမှန်ကိစ္စမဟုတ်တော့ပေ။ ပိုင်ဥာဏ်၏ အကြည့်တွေက တဖြည်းဖြည်း စူးရဲလာသည်။ လိုတရ တစ်ခုခုကို ကြိတ်ပြီးလုပ်နေတာ သေချာသည်။ ဘာလုပ်နေသလဲဆိုတာ သူသိချင်လှ၏။ သို့သော် လိုတရက ဘောလုံးလေးလိုကွေးရင်း စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

"လိုတ မင်းဘာလုပ်နေတာလဲ"

"စာအုပ်ဖတ်နေတာလေ... ဘာဖြစ်လို့လဲ"

လိုတရက ကပျာကယာပြန်ဖြေလာသည်။ ရိုးရိုးကလေး မေးလိုက်သော ပိုင်ဥာဏ်၏ မေးခွန်းကို ခပ်ဆတ်ဆတ်လေသံနှင့် ပြန်ဖြေသည်။ သေချာ၏။ လိုတရ မဟုတ်တာ တစ်ခုခုလုပ်နေတာဖြစ်လိမ့်မည်။ ဒီထက် တိတိကျကျပြောရလျှင် မဟုတ်တာ တစ်ခုခုဖတ်နေတာ ဖြစ်ရမည်။

Love Like Heaven (Completed)Tempat cerita menjadi hidup. Temukan sekarang