Episode 36

163 18 0
                                    

Uni

“လိုတရ သားရေ”

စာအုပ်တစ်အုပ်ကို လက်ကကိုင်ရင်း လိုတရ လှည့်ကြည့်လိုက်သည်။ အိမ်ရှင်အန်တီကြီးက အိမ်ထဲကို ကပျာကယာဝင်လာတာဖြစ်ကာ သူ့ကိုမြင်တော့ ဝမ်းသာအားရဖြင့်။ လိုတ လက်ထဲက ဝတ္ထုစာအုပ်လေးကို ပိတ်လိုက်ရင်း လှေကားပေါ်ရောက်နေသော ခြေထောက်တို့ကိုလည်း ပြန်ရုတ်လိုက်သည်။ ဘာကိစ္စလဲဆိုတာ မသိသေးသည်မို့ သူ၏ မျက်တောင်ရှည်ကြီးများက တဖျတ်ဖျတ်ဖြင့်။

“သား ပိုင်ဥာဏ်ရော?”

“ပိုင်ဥာဏ်?”

လိုတရ အပေါ်ကို ဖျတ်ခနဲမော့ကြည့်လိုက်သည်။ သူက မနက်စောစောစီးစီး မနက်စာစားပြီးလို့ လမ်းလျှောက်ရင်း ဝတ္ထုဖတ်နေတာဖြစ်သည်။ ပိုင်ဥာဏ်ကတော့ အပေါ်မှာ ရှိလောက်မည်။ သူက မနက်၈နာရီမှ ထသူ။

“အပေါ်မှာနေမယ် အန်တီရဲ့ ဘာဖြစ်လို့လဲ”

“အင်းအင်းသား သားပဲသွားခေါ်ပေးပါလား။ အိမ်ရှေ့မှာ ပိုင်ဥာဏ့်သူငယ်ချင်းကောင်လေးရောက်နေတယ်။ အန်တီ အထဲကိုခေါ်တာလည်း မဝင်လို့လေ”

“ဪ ဟုတ်ကဲ့ အန်တီ။ သားသွားခေါ်ပေးလိုက်ပါ့မယ်”

“ကျေးဇူး”

အိမ်ရှင်အန်တီက ပြုံးရယ်ကာဖြင့်ပင် မီးဖိုချောင်ဆီပြန်ဝင်သွားသည်။ ငှားနေသည့်ကာလက တစ်လနှစ်လကျော်ပြီမို့ အတန်အသင့်လည်း ရင်းနှီးမိကြပြီဖြစ်သည်။ ဒါကြောင့်မို့ သူနှင့်ထိုအန်တီတို့သည် မိသားစုဝင်တွေလိုသာ။ တစ်ခါတလေဆို ကျူတိုရီရယ်ပြီးရင် မုန့်ဝယ်ကျွေးသည်အထိကို ချစ်ကြ၏။ အပျိုကြီးတွေမို့ ထင်သည်။ သူ့ကို သားလိုပင် သဘောထားသည်။ တစ်ခါတစ်ခါလည်း အခုလို အခိုင်းခံရပေမဲ့ လိုတရ စိတ်မဆိုးပါ။

အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ အမည်းရောင်မျက်ဝန်းတစ်စုံနှင့် တိုးသည်။ ကြည်စင်နေသော လိုတရ၏ မျက်နှာက ချက်ချင်းပင် နောက်ကျိရှုပ်ထွေးသွားသည်။ ‘ပြင်ညီ...’ ခါတိုင်းလိုပင် အနက်ရောင်Hoodieကို ဝတ်ထားရင်းဖြင့် ကျောပိုးအိတ်ကို ခပ်တင်းတင်းလွယ်ထားသည့်လူ။ မျက်နှာက ရှစ်ခေါက်ချိုးဆိုတာ ပြောနေစရာပင် မလိုအပ်။ ဆံပင်အုပ်အုပ်တို့က မျက်လုံးအထိ ဖုံးနေပေမဲ့ ထိုမျက်လုံးတို့မှာ အလင်းရောင်တစ်မျိုးရှိနေသလို မည်းနက်ပြီးအေးစက်လှသည်။ ဆံပင်တွေက မျက်ခုံးမွှေးကို ဖုံးထားပေမဲ့ တွန့်ကျုံ့လျှက် ရှိနေမှာကို ခံစားမိသည်။ ပြင်ညီဆိုတာ ဘယ်အချိန်တွေ့တွေ့ ဒီအတိုင်းပင်။

Love Like Heaven (Completed)Место, где живут истории. Откройте их для себя