Episode 104

171 15 2
                                    

Uni

နေ့လည်ခင်းတွေသည် ပျင်းစရာ ကောင်းလှသည်။ အပူရှိန်တညီးညီးတောက်လောင်နေသော နေလုံးကြီးက ကောင်းကင်ထက်မှာ Rock Starလိုအစွမ်းပြရင်း မတ်မတ်ရပ်နေသည်ထင်သည်။ ကမ္ဘာလောကတစ်ခွင်လုံးက တောက်ပနေကာ ပျင်းစရာကောင်းနေသည်။ တရိပ်ရိပ်တိုးလာသည့် အိပ်ချင်စိတ်ကိုထိန်းရင်း လိုတ စားပွဲပေါ်သို့ ခေါင်းမှောက်ချလိုက်သည်။

ရုံးခန်းထဲတွင် Air conရှိသော်ငြား အခုပဲ ထမင်းစားရာက ပြန်လာတာမို့ လိုတတစ်ကိုယ်လုံး ပူအိုက်နေသည်။ ရုံးခန်းကြီးတစ်ခုလုံးမှာ ဦးလေးလည်း ပြန်မရောက်သေးပေ။ ကိုယ်စားလှယ်၂၅ယောက်ကတော့ ခါတိုင်းလိုပင် ရုံးမှာ မရှိကြ။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်က လိုတ၏ အိပ်ချင်စိတ်ကို ပို၍ကူပင့်ပေးနေသလိုပင်။

မှန်ချပ်တွေကာရံထားသော နံရံကြီးဆီသို့ ငေးမောကြည့်လိုက်သည်။ တိုက်ကျိုတိုက်ကြားမှ တဆင့် နေရောင်ခြည်က အလွန်တောက်ပစွာ ဖြာထွက်နေသည်။ နေ့လည်စာစားချိန်မို့ ကားတွေလူတွေက ထမင်းတစ်နပ်အတွက် ပြေးလွှားနေကြသည်။ တရွရွလှုပ်ရှားနေသော ယာဉ်များနှင့် လူများကိုငုံ့ကြည့်ရင်း ပုရွက်ဆိတ်များနှင့် တူသည်ဟု စဉ်းစားမိသောအခါ လိုတရ ဟွန်းခနဲရယ်မိသည်။

ချွေးစိုနေသည်ကြောင့် ခပ်ကွေးကွေးဆံပင်များက ပို၍လိမ်ကောက်စိုစွတ်နေသည်။ နဂိုကတည်းက ရှည်လျားသော ဆံအပင်အုပ်အုပ်များက စားပွဲပေါ်မှောက်အိပ်နေသည့်အခါ စားပွဲ၏သစ်သားအနက်ရောင်ကြား ရောထွေးသွား၏။ မျက်တောင်ရှည်ကြီးတွေက ချွေးကြောင့်စိုစွတ်ကာ ပို၍အနက်ရောင်ထင်းနေသည့်ဟန်ရှိသည်။ ချွေးထွက်ရင် သူများနဲ့မတူဘဲ မျက်ခမ်းစပ်မှာ ထွက်တတ်သူမို့ လိုတရ ချွေးထွက်လာတိုင်း ငိုနေတာလားလို့ အမေးခံရစမြဲ။

အိုက်ပြုတ်လာသည်မို့ ဝတ်ထားသော ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်လိုက်ကာ ချယ်ရီရင့်ရောင်နှုတ်ခမ်းပါးများမှ လေပူကို ဟူးခနဲမှုတ်ထုတ်၏။ လေမှုတ်အားကြောင့် ဖျတ်ခနဲလွင့်သွားသော ဆံပင်တွေကို ခံစားရင်း လိုတက အဆော့မက်သည့်ကလေးလို ပြုံးနေသေးသည်။

Love Like Heaven (Completed)Where stories live. Discover now