Uni
ဒုတိယနှစ်မှာ မနက်စာကို အိမ်မှာစားတာ များပေမဲ့ တစ်ခါတလေတော့လည်း လမ်းထိပ်နားက အသုပ်ဆိုင်လေးမှာ သက်လျာတို့နဲ့အတူတူ သွားစားလေ့ရှိသည်။ ကျောင်းပိတ်တဲ့ရက်မျိုး၊ အိပ်ရာထနောက်ကျတဲ့ရက်မျိုးဆိုရင်တော့ အိမ်မှာပဲ စားတာများပါသည်။ ဒီနေ့တော့ ကျောင်းပိတ်ရက်ပေမဲ့ သက်လျာက ဖုန်းဆက်ချိန်းထားတာကြောင့် သုံးယောက်သား အသုပ်ဆိုင်ဆီရောက်နေကြသည်။ အသုပ်ရောင်းတဲ့အန်တီကြီးက လက်ရာကောင်းသည်။ တို့ဟူးသုပ်ဆို မအီအောင် အငံမများအောင် သုပ်နိုင်သည်။ Five Starကလက်ရာတော့ ဘယ်လိုနေမလဲ မသိပေမဲ့ သူတို့သုံးယောက်အတွက်တော့ လမ်းထိပ်က အသုပ်ဆိုင်ဟာ Five Starပင်။ မနက်ခင်းကို ထွေရာလေးပါးပြောလိုက်၊ အစားစားလိုက်နှင့်ပင် ကုန်ဆုံးကြ၏။
"အိပ်ချင်လိုက်တာ လိုတရယ် ငါ့မှာလေ ညက ဝတ္ထုဖတ်တာများသွားလို့ ခုတလော အိပ်ရေးကို မဝဘူး။ ငါလည်းကြာလေကြာလေ ရူးမယ်ထင်တယ်။ တစ်နေ့တစ်နေ့ကို အဲ့တာမဖတ်ရရင် မနေနိုင်ဘူး။ နောက်ပြီးလေ တစ်ပိုင်းတစ်ပိုင်းနဲ့ မိုးလင်းသွားရော"
"နင်မပြောနဲ့ ငါ့မျက်လုံးအောက်ကိုလည်း ကြည့်ပါဦး။ နဂါးတစ်ကောင်လောက်ဝင်ခွေနေလို့ရပြီ ဝတ္ထုက စွဲမိရင် မရဘူးဟ ဝှါး... အေး နင်ပြောတာမှန်တယ်။ အိပ်ချင်တယ်"
သက်လျာ၏စကားကို လိုတရက အပြည့်အဝထောက်ခံကာ တဝှါးဝှါးသမ်း၏။ ရည်မွန်ကတော့ ဝတ္ထုမဖတ်သည့်လူတန်းစားပီပီ သူ့ရှေ့မှညည်းညူနေကြသော ဝတ္ထုဖတ်လူတန်းစားကို ငုံ့ကြည့်ကာ
"အဲ့တာပဲ နင်တို့က အဲ့တာတွေဖတ်၊ ပြီးရင် စိတ်ကူးယဉ်နဲ့။ ပြီးတော့လည်း နှစ်ယောက်လုံး ဘာမှဖြစ်ဖြစ်မြောက်မြောက်ရှိတာ မဟုတ်ဘူး"
"အောင်မယ် မင်းက ငါတို့ကို အချစ်ရေးအတွက်ပဲ ဝတ္ထုဖတ်တယ်များ ထင်နေလား"
"ဟုတ်တယ် လိုတ ပြောလိုက်"
လိုတရက သက်လျာထောက်ခံချက်ဖြင့် ပို၍ အားတက်လာဟန်ရှိသည်။ အစောကြီးကတည်းက အအေးခံထားသည့် ရေနွေးကို တစ်ကျိုက်ထဲ သောက်ပစ်လိုက်ကာ
"ဝတ္ထုဆိုတာက ဘဝပုံရိပ်ပဲ ရည်မွန်ရ။ မင်း မသိလို့ နော်။ နောက်ပြီး လူဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရနဲ့ပြည့်စုံမှ ကျန်းမာသက်ရှည်တာလေ။ အဲ့ထဲက 'စိတ်'ဆိုတဲ့နေရာမှာ စိတ်ကိုအပန်းဖြေစေတဲ့ စိတ်ချမ်းသာစေတဲ့အရာတွေ အများကြီးပါတယ်။ နောက်တစ်ချက်ရှိသေးတယ်။ အဲ့တာ ဘာလဲဆိုရင် ရသက စိတ်အာဟာရပဲ။ သုတကလည်း စိတ်အာဟာရပဲ။ နှစ်ခုလုံးဟာ မရှိမဖြစ်ပဲကွ။ ရသမရှိရင် လူ့နှလုံးသားဟာ မာကြောခက်ထန်နေလိမ့်မယ်။ သုတမရှိရင်တော့ တစ်သက်လုံး အလိမ်ခံရတော့မပေါ့။ ဒါပါပဲ။ အဲ့တော့ ငါတို့ဝတ္ထုဖတ်တာသည် ရသအာဟာရကို ဖြည့်တင်းဖို့လို့ မှတ်"
YOU ARE READING
Love Like Heaven (Completed)