Uni
"ဟေ့ကောင်တွေ မင်းတို့ထဲက နှစ်ယောက်လောက်က နှစ်ယောက်ခန်းဆီ သွားအိပ်ရမှာနော်။ နေ့လည်ကလို ပူးကပ်အိပ်လို့မရဘူး သိလား"
ညစာစားပြီးနောက် အခန်းဆီပြန်ရောက်တော့ ခန့်မင်းက ပြောလာသည်။ ဘတ်ဂျတ်အရရော လူအရပါ နှစ်ယောက်ခန်းတစ်ခန်းနှင့် တစ်ယောက်အိပ်ကုတင် သုံးလုံးပါသော အခန်းတစ်ခန်းကို ယူထားတာဖြစ်သည်။ နေ့လည်တုန်းကတော့ ခရီးရောက်စပေမို့ အခန်းခွဲအိပ်ဖို့တောင် အားမရှိကြတော့ဘဲ ဒီမှာပဲ စုပြုံအိပ်နေကြတာဖြစ်သည်။ ညဘက်ပိုင်းတော့ ဒီလိုလုပ်လို့ မဖြစ်ပါ။
"ဘယ်သူသွားအိပ်မှာလဲ အဲ့ကို"
ခန့်မင်းက ဟိုလူကြည့် ဒီလူကြည့်လုပ်နေသည့် လေးယောက်အား ထပ်မေးလိုက်တော့ လိုတက ခန့်မင်းဆီမေးငေါ့လာသည်။
"မင်းနဲ့တစ်ယောက်ယောက်သွားအိပ်လိုက်လေ။ ငါက နေ့လည်တုန်းက ဝတ်လာတဲ့ အဝတ်စားတွေတောင် ဒီမှာနေရာချပြီးသွားပြီ။ နောက်ပြီး အဝတ်လည်းလျှော်လိုက်မိတော့ အဲ့ရေစိုဝတ်တွေကို အခန်းကူးဖို့ သိပ်အဆင်မပြေလို့"
"ငါလည်း ဒီမှာပဲအိပ်မယ်"
လိုတရစကားအဆုံး ပိုင်ဥာဏ်က တက်တက်ကြွကြွနှင့် လက်ထောင်ပြပါ၏။ ထိုအခါ လွင်ဟိန်းက ကပျာကယာဖြင့်
"အဲ ဒါဆို ငါလည်း ဒီမှာပဲအိပ်မယ်လေ။ ဇော်မြတ်နဲ့ ခန့်မင်းက ဟိုမှာလည်း အတူတူအိပ်နေကျပဲမလား။ မင်းတို့ပဲ အဲ့အခန်းကို သွားလိုက်တော့"
လွင်ဟိန်း၏စကားသံအဆုံး ဇော်မြတ်၏အကြည့်ရော ခန့်မင်းကျော်၏ အကြည့်ပါ လွင်ဟိန်းဆီ စုပြုံရောက်ရှိလာသည်။ ရုတ်တရက် ဘာဖြစ်မှန်း မသိသည်မို့ လွင်ဟိန်းက ပြူးတိပြူးကြောင် ရပ်ကြည့်နေသည်။ ခန့်မင်းကျော်က တစ်စုံတစ်ခုကို တွေးလိုက်ရင်း တိတ်တိတ်လေး ရယ်ကာ
"အာ... ငါနဲ့အဲ့ရေခဲတုံးကောင်နဲ့က သုံးနှစ်သုံးမိုးတောင် အတူတူအိပ်ပြီးပြီ။ ဒီအထိပါ အတူတူအိပ်ရမယ်ဆိုရင်တော့ သူနဲ့ငါနဲ့ညားတော့မှာ။ လွင်ဟိန်း မင်းပဲ အဲ့ကိုသွားအိပ်လိုက်"
"ဟင်"
လွင်ဟိန်းက ဟင်ခနဲဖြစ်သွားသည်။ 'ဒီလိုဆိုလည်း ဇော်မြတ်ကို ဒီမှာထားပြီး သူနဲ့ ခန့်မင်းပဲ ဟိုဘက်အခန်းသွားအိပ်ရအောင်'လို့လည်း ပြောမထွက်။ တော်ကြာနေ 'ဇော်မြတ်နဲ့တူတူမနေချင်လို့လား' ဘာညာနဲ့ ဆေးထိုးခံရဦးမည်။
YOU ARE READING
Love Like Heaven (Completed)