Uni
ဆူဆူညံညံနေ့ရက်များသည် စိတ်လှုပ်ရှားစရာကောင်းလှသည်။ ဘတ်စကတ်ဘော၏ ဖိုင်နယ်ပွဲဟု ဆိုလိုက်လျှင် တစ်ကျောင်းလုံးက ရုက္ခဗေဒနှင့် ရူပဗေဒဟူသည့် တစ်ချောင်းငင်နှင့် နှစ်ချောင်းငင်မေဂျာများကို ပြေးမြင်ကြပေလိမ့်မည်။ အရင်နှစ်ဖိုင်နယ်ကလည်း ဒီနှစ်သင်း။ အခုနှစ်ဖိုင်နယ်ကို ပြေးကြည့်လိုက်လျှင်လည်း ဒီနှစ်သင်းပင်။ ဒီနှစ်တော့ ရုက္ခဗေဒတွေက ချန်ပီယံတက်သိမ်းမည်ဟု ပြောနေကြတာမို့ ရူပဗေဒတွေကလည်း ကျောလို့မရသည့် ပုံစံမျိုးဖြင့် ခပ်ကြွားကြွားရပ်နေကြပါ၏။
ပွဲသည် ကွင်းဆီမှာပဲလုပ်တာဖြစ်ကာ ယာယီပွဲကြည့်စင်နှစ်ဖက်ဖြင့် ခန့်ခန့်ညားညား ရှိနေပါ၏။ ပြောစရာပင် မလိုပါချေ။ နှစ်ဖက်ဆိုကတည်းက တစ်ဖက်သည် ရုက္ခဗေဒအတန်းသားတွေဖြစ်သည် နောက်တစ်ဖက်ကတော့ ရူပဗေဒကျောင်းသားတွေ ရှိနေကြသည်။ ဘယ်မေဂျာပဲဖြစ်ဖြစ် တစ်သင်းနဲ့တစ်သင်း ပွဲကြည့်စင်မတူအောင် ထိုင်တာကလည်း ရယ်စရာပင်။
လောလောဆယ်တော့ ပွဲစတော့မည်မို့ နှစ်ဦးနှစ်ဖက် ကျောင်းသားများက ကစားသမားတွေကို မတ်တပ်ရပ်လျက်သား စောင့်ဆိုင်းနေကြသည်။ သက်လျာနှင့် ရည်မွန်တို့က တက်ကြွစွာ မတ်တပ်ထနေကြပေမဲ့ ပိုင်ဥာဏ်ကတော့ ခုံနောက်ကျောကိုမှီရင်း ပျင်းတိပျင်းရွဲ့နှင့် ထိုင်နေသည်။ ကျောင်းသားထုနှစ်ဖက်လုံးသည် ပွဲမစခင်ကတည်းက ပေစောင်းစောင်းဖြစ်နေကြကာ ကစားသမားတွေ ကွင်းထဲဝင်လာသည်နှင့် တစ်ဖက်နှင့် တစ်ဖက် ထေ့ကြတော့သည်။
"ဘော်တနီ ဘော်တနီ ပွဲလယ်ကြားမှာ ဆုကိုချီ"
ရုက္ခဗေဒကျောင်းသားထုဘက်မှာ အကျယ်ကြီးအော်ကြသည်။ တစ်ဖက်အသင်းကို ထေ့ချင်ငေါ့ချင်သလို ကိုယ့်အသင်းကစားသမားတွေလည်း အားတက်စေဖို့ဖြစ်သည်။ ရူပဗေဒကလည်း မခံပါ။
"ရူပရူပ ချန်ပီယံကို ငါတို့ရ"
"ချန်ပီယံကို ဆုမထည့်ဘဲ ပြောရင်တော့ ရုက္ခဗေဒ အသင်းက ချန်ပီယံကောင်လေးတွေကို လာယူလို့ရပါတယ်ခည"
ရုက္ခဗေဒဘက်က အမှားထောက်သည်။ ကစားသမားတွေကွင်းထဲဝင်လာတာ လူတောင် မစုံလိုက်သေး။ တစ်ဖက်နဲ့တစ်ဖက်က စောင်းမြောင်းနေကြပြီဖြစ်သည်။ ဒါလည်း သဘာဝပေမို့ ဆရာတွေက ပြုံးစိပြုံးစိနှင့် ကြည့်နေသည်။ ဒါလေးတွေမှ မရှိလျှင်လည်း ပွဲကြီးက ပျင်းစရာကောင်းသွားမှာဖြစ်သည်။
YOU ARE READING
Love Like Heaven (Completed)