Uni
ဒီနေ့ နေပူလွန်းသည်။ ကြည်ကြည်စင်စင်ကောင်းကင်ကြီးနှင့် အရာအားလုံးသည် တောက်ပလွန်းနေသည်။ မည်သို့ပင်ဖြစ်စေ ပူပြင်းခြင်းကိုတော့ သူ မငြင်းနိုင်။ ဒါသည် အမှန်ပင် ရာသီဥတုပူပြင်းခြင်းလည်း ဖြစ်နိုင်သည်။ သို့မှမဟုတ် သူ စိတ်ထင်တာလည်း ဖြစ်နေနိုင်သေးသည်။
လိုတသည် ခေါင်းပေါ်ရှိနေကို တစ်ချက်မော့ကြည့်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချသည်။ အဝေးပြေးကားပေါ်မှ ဆင်းလာလာချင်းဆို လူက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိပေ။ လမ်းလျှောက်တာလည်း မလုပ်ချင်။ လုပ်ဖို့လည်း အားမရှိ။ ဒီတော့ သူ့ခြေလှမ်းတွေက လမ်းမပေါ်မှာ ယိုင်ထိုးနေသည်။ အရင်တိုက်ခန်းက ဒီတစ်ခုတော့ကောင်းသည်။ အဝေးပြေးကားဂိတ်နဲ့ နီးနေတာကြောင့် အိမ်ပြန်ဖို့ဘာညာဆို သူ ကြီးကြီးမားမားပင်ပန်းရသည်မရှိ။
သူ လက်ရှိနေတဲ့တိုက်ခန်းကတော့ အလုပ်နဲ့နီးပေမဲ့ ကားဂိတ်နဲ့ကျ အတော်လေးဝေးသည်။ Taxiစီးတာတောင် နာရီတော်တော်ကြာ စီးရသည်။ ဒီတော့ အဝေးပြေးကားကြောင့်ပင်ပန်းတာက တစ်မျိုး၊ ကားစီးတာကြောင့် ပင်ပန်းတာက တစ်မျိုးနဲ့ လိုတမှာ ခြေထောက်ပင် မခိုင်ချင်။
ယိုင်တိယိုင်တိုင်ခြေထောက်ကို မနည်းထိန်းကာ လွယ်အိတ်ကြိုးကို ပြင်လွယ်လိုက်သည်။ တိုက်ရှေ့တောင် ရောက်နေပြီမို့ အိမ်ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့သည်။ အိမ်ရောက်လျှင်တော့ ဘာမှလုပ်မနေတော့ဘဲ အိပ်ရာထဲဝင်ကာ ထိုးအိပ်မည်။ သူဌေးက ဒီနေ့အတွက် ခွင့်ပေးပြီးသားမို့ အလုပ်အတွက်တော့ ပူစရာမလိုပေ။
"အာ ကြိုးပြေသွားတာလား"
စိတ်သက်သာစရာများကို တွေးတောနေရင်း ဖိနပ်ကြိုးပြေနေတာတောင် သတိမထားလိုက်မိ။ လိုတ စိတ်ညစ်လက်ညစ်နှင့် ခေါင်းကုတ်လိုက်သည်။
ကျောပိုးအိတ်အလေးကြီး ကျောမှာလွယ်ကာ ခရီးပန်းလာသည့်သူ့အတွက် ဖိနပ်ကြိုး ချည်တာလေးကပင် ဝန်လေးစရာအလုပ်ဖြစ်နေသည်။ မချည်လို့လည်း မဖြစ်တော့ လိုတက စူပုတ်ပုတ်နှင့်ပင် ထိုင်ချကာ ကြိုးချည်လိုက်သည်။ ကံကြမ္မာက မကောင်းသလားတော့ မသိပေ။ ကားပါကင်ထဲက ထွက်လာသည့် ကားအနက်တစ်စီးက သူ့အနားလေးမှ ဖြတ်သွားလိုက်တာ ဝှီးခနဲ။
YOU ARE READING
Love Like Heaven (Completed)