Episode 160

200 17 13
                                    

Uni

"ပြန်တော့မလို့လား"

ကုတ်အင်္ကျီကို စားပွဲပေါ်က ဆွဲယူလိုက်တော့ ပြင်ညီက မေးလာသည်။ ပိုင်ဥာဏ်က ခေါင်းညိတ်ကာ ကုတ်ကို အပေါ်က နေထပ်ဝတ်လိုက်သည်။ ညဘက်ကြီးဆိုတော့ ဘယ်လိုပဲပြောပြော အေးစကပြုနေသေးသည်။ သူ ကုတ်မဝတ်လို့မဖြစ်။

"ဒီမှာအိပ်သွားလည်း ရရဲ့နဲ့"

ပြင်ညီက သူ ခံစားရတာကို တိုတိုတုတ်တုတ်ပြောလာသည်။ တကယ်လည်း ည၈နာရီပဲရှိသေးသည်။ ပိုင်ဥာဏ် ဒီမှာအိပ်သွားလည်း ဘယ်သူမှ ကန့်ကွက်မဲ့လူမရှိ။ ဒီအိမ်မှာ ပြင်ညီတစ်ယောက်တည်းနေတာမလို့ နားအေးပါးအေးလည်း ရှိမှာပင်။

"တော်ပါပြီ။ ငါက အိမ်ပြန်မှဖြစ်မှာ။ ရွှေအိုးကြီးလည်းရှိတာ မင်းသိသားနဲ့"

"ရွှေအိုးကြီး"

ပြင်ညီက ထိုနာမည်ကိုရွတ်ကာ ဟွန့်ခနဲအသံပြုသည်။

"လူလားကြောင်လား"

"နှစ်ခုစလုံး"

ပြင်ညီက ဟွန့်ခနဲရယ်သည်။ သူ၏ ကွေးညွတ်နေသော နှုတ်ခမ်းသည် ခါတိုင်းလိုပင် ၁စက္ကန့်သာခံသည့် အပြုံးမျိုးဖြစ်သည်။ ပြီးနောက် လက်ထဲမှာ ကိုင်ထားသည့် ဖန်ခွက်ကို ကြည်ကြည်သာသာ မော့သောက်သည်။ ဖန်ခွက်ထဲရှိ ပယင်းရောင်တောက်တောက် အရည်တွေသည် လည်ချောင်းထဲကို စီးဝင်သွားကာ ပြင်ညီ၏ လည်ပင်းကိုပါ လှုပ်ရှားသွားစေခဲ့သည်။

"မရယ်ပါနဲ့။ ငါလည်း ဝဋ်ပဲ"

"အဲ့စကားက လိုတရပြောရင် ပိုမှန်မယ်လို့ ငါတော့ထင်တယ်"

ပြင်ညီ ပိုင်ဥာဏ်ကို စကားများများစားစားပြောသည့်အခါက ရှားပါးသည်။ လုပ်ငန်းကိစ္စမဟုတ်ရင် သူ စပ်စုချင်စိတ်ရှိသည့်ကိစ္စ၊ ဒါမှမဟုတ် ပိုင်ဥာဏ်ကို ဖဲ့ချင်သည့်ကိစ္စမျိုးမှာဖြစ်သည်။ ဥပမာ အခုလိုမျိုး...

"အေး သူ တကယ်အဲ့လိုတွေးနေသလား ငါတော့မတွေးတတ်ဘူး"

ပိုင်ဥာဏ်က ခွက်ကနေ လက်ရုတ်တော့မည်ပြင်ပြီးမှ ပုလင်းကိုယူလိုက်ကာ နောက်တစ်ခွက်ထည့်သည်။ ဒီနေ့ ပြင်ညီ့စက်ရုံကိစ္စမှာ တော်တော်ကြီး အဆင်ပြေသွားတာရှိသဖြင့် နှစ်ယောက်သား အောင်ပွဲခံနေကြတာဖြစ်သည်။ ပိုင်ဥာဏ်က Land 2က ဒါရိုက်တာတင်မဟုတ်ဘဲ ပြင်ညီ့စက်ရုံမှာ ရှယ်ယာရှင်လည်း ဖြစ်နေသေးသည်။ ဘာကိစ္စပဲကြုံကြုံ နှစ်ယောက်သား အတူတူ ခေါင်းချင်းဆိုင်ကြတာပဲမို့ ပြင်ညီပိုင်သည့်လုပ်ငန်းပေမဲ့ ပိုင်ဥာဏ့်အလုပ်လို့လည်း ပြောလို့ရသေးသည်။

Love Like Heaven (Completed)Tempat cerita menjadi hidup. Temukan sekarang