Uni
"လိုတက မရောက်သေးဘူးလား"
အခန်းဝရန်တာမှာ ပြူတစ်ပြူတစ်လုပ်နေသော ခန့်မင်းကျော်ကို ဇော်မြတ်က မေးလာသည်။ ခန့်မင်းကျော်ကတော့ ဖုန်းတစ်လုံးလက်ကကိုင်ကာ သူ၏ ရှည်လျားသော ခန္ဓာကိုယ်ကြီးအား ဝရန်တာဆီ အမှီပြုရင်း
"ရောက်တော့မယ်လို့ ပြောတာပဲကွ။ ငါလည်း ထွက်ကြည့်နေတာ။ ဒီနားတော့ ရောက်ပြီထင်ပါတယ်"
"အင်း အင်း"
ဇော်မြတ်က ရေနွေးခွက်ကို လက်ကိုင်ရင်း ခေါင်းညိတ်သည်။ ထို့နောက် တစ်ခုခုကို တွေးလိုက်ရင်း မျက်မှောင်ကျုံ့ကာ
"လိုတနဲ့ပိုင်ဥာဏ်က မတည့်ကြဘူးလို့ ပြောထားတယ်နော်။ ဘာလို့လို့ မင်းထင်လဲ"
"ဟင်"
ခန့်မင်းကျော် ဇော်မြတ်ဆီ လှည့်ကြည့်လိုက်သည်။ တကယ်တမ်းတွေးရရင်လည်း ဟုတ်သည်။ လိုတရနဲ့ ပိုင်ဥာဏ်ကြားမှာ ရန်ဖြစ်စရာကိစ္စဆိုလို့ သူနဲ့ သက်လျာရဲ့ ကိစ္စပဲရှိသည်။ ဒါပေမဲ့ ဒါလည်း မဖြစ်နိုင်။ အကယ်၍ သူတို့ကိစ္စသာဆို ပိုင်ဥာဏ်က သူ့ဆီဖုန်းဆက်ပြီးဖြစ်ဖြစ် သေအောင်ဆဲလိမ့်မှာဖြစ်သည်။ အခုအခြေအနေက သူတို့ပြဿနာကြောင့်တော့ မဖြစ်နိုင်။ ဘာပြဿနာဆိုတာလည်း သူ မမှန်းတတ်။
"ပိုင်ဥာဏ်က ငါတို့နဲ့ပါ ခပ်စိမ်းစိမ်းလုပ်နေတာ ပြဿနာကြီးမယ်လို့ ငါထင်တယ်"
ဇော်မြတ်၏ လှပသော မျက်ဝန်းများက တစ်စုံတစ်ခုကို တွေးနေသလို ငြိမ်ငြိမ်သက်သက်ရှိနေသည်။ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်လာသော နှုတ်ခမ်းညိုညိုတွေက စေ့ပိတ်နေကာ မေးရိုးနှစ်ခွက ထင်းခနဲရှိ၏။ ဇော်မြတ်၏ ချောမောမှုများက ကြာလေကြာလေ ပို၍ သဘာဝဆန်လာလေပင်။ အရင်တုန်းကတော့ တစ်ဖွဲ့လုံးမှာ ပြင်ပြင်ဆင်ဆင်အနေတတ်ဆုံးက ဇော်မြတ်ဖြစ်ခဲ့သလောက် ၉တန်းပြီးကတည်းက တဖြည်းဖြည်းပြောင်းလဲသွားလိုက်တာ အခုဆို ဇော်မြတ်က အရင်လို မဟုတ်တော့။
ခပ်ညိုညိုအသားအရည်ကိုလည်း ဂရုတစိုက်မရှိတော့ဘဲ ပစ်ထားကာ တစ်ကိုယ်ရေသန့်ရှင်းရေးလောက် ရှိရင် အဆင်ပြေပြီဟု ခံယူထားပုံရသည်။ ထို့ကြောင့် သူ့ပုံစံက နူးညံ့ချောမောသည့်ဘက်မှနေ၍ ကြမ်းတမ်းစွာ ချောမောသည့်ဘက်သို့ တာသွား၏။ မည်သို့ပင် ချောမောပါစေ။ ဇော်မြတ်က အခုထိ ကောင်မလေးတွေရဲ့ အသည်းစွဲဖြစ်နေတုန်း။
YOU ARE READING
Love Like Heaven (Completed)