Episode 138

154 17 9
                                    

Uni

"၁၉၉၈ မေလ၁၅ရက်ပေါ့။ ဘာနေ့ဖွားလဲ"

"သောကြာနေ့ဖွားပါ ဆရာ"

လိုတအား မေးလိုက်သည့်အမေးကို အစ်မဟန်က ကြားကနေ တကူးတက ပြန်ဖြေသည်။ ဒီနေ့က သူတို့နှစ်ယောက်လုံး ဗေဒင်ဆရာဆီ ရောက်နေကြတာ ဖြစ်သည်။ အစ်မဟန်က မလိုက်ဘူးလို့ငြင်းလည်း မရဘဲ အတင်းအကြမ်းသာ ဆွဲခေါ်လာတော့သည်။

သူပြောသည့် ဗေဒင်ဆရာသည် အလွန်ဆုံးရှိမှ ၄၅လောက်ပင်ရှိဦးမည်။ အသွင်အပြင်လက္ခဏာက ပီဘိ သာမန်လူတစ်ယောက်လိုပင်။ ဗေဒင်ဆရာဟူ၍ ဟိတ်ဟန်ကြီးသည့် ပုံစံမျိုး သူ့မှာမတွေ့။ အသားညိုညို မေးရိုးခိုင်ခိုင်နှင့် လူပုံက ခပ်ရိုးရိုးဖြစ်သည်။ လမ်းမှာ အမှတ်မထင် တွေ့မိလျှင် ဗေဒင်ဆရာဟု ယုံမိမယ်မထင်။

အခုက အစ်မဟန်ကို ဟောပြီးလို့ လိုတကိုပါ ဟောပေးဖို့ လှည့်လာတာဖြစ်သည်။ အစ်မဟန် အလှည့်တုန်းကတော့ "ဟုတ်တယ်ဆရာ"ချည်းထပ်ကာ အစ်မဟန်က ထပ်တလဲလဲ ခေါင်းညိတ်သည်။ သူ့အလှည့်ပြီးတော့လည်း ဘေးမှာ ကျောက်ရုပ်လို ထိုင်နေသည့်လိုတကို အတင်းတွန်းတိုက်ကာ ဗေဒင်မေးခိုင်းနေသည်။ လိုတက သိပ်စိတ်ဝင်စားလှသည်တော့ မဟုတ်ပေမဲ့ ဆရာရှေ့ဆိုတော့ ငြင်းလို့မကောင်းတော့ပေ။ ဒါကြောင့်မို့ ကိစ္စအားလုံးကို အစ်မဟန်၏ သဘောအတိုင်းသာ လိုက်လုပ်ပေးလိုက်ရတော့သည်။

ဗေဒင်ဆရာက ကျောက်သင်ပုန်းကိုယူကာ ကျောက်တံနှင့် တတောက်တောက် တွက်ချက်သည်။ ပါးစပ်ကလည်း တစ်စုံတစ်ခုကို ပွစိပွစိ ရွတ်နေသေးသည်။ ပြီးနောက် ကျောက်သင်ပုန်းပေါ်က ဂဏန်းတစ်ခုကို ကျောက်တံနှင့် ထောက်လိုက်ကာ

"အခုတလော စိတ်ရှုပ်တာတွေ များနေတာပဲ"

လိုတ အမ်းတမ်းတမ်းဖြစ်သွားသည်။ အစ်မဟန်ကို လှည့်ကြည့်တော့ အစ်မဟန်က 'ငါပြောတာ မှန်တယ်မလား'ဆိုသည့်ပုံစံဖြင့် မေးဆတ်ပြသည်။

"လူမှုရေးကိစ္စနဲ့ စိတ်ရှုပ်တာတွေ များနေတယ်။ ညဘက်လည်း အိပ်မပျော်ဘူး။ အစားအသောက်တွေလည်း ပျက်နေတာတွေ့တယ်နော်"

ဆရာက သူ့ကျောက်သင်ပုန်းဆီမှ မျက်နှာလွှဲကာ လိုတဆီ ဟုတ်ရဲ့လားဟူသည့်အကြည့်ဖြင့် စူးစမ်းလာသည်။ လိုတ ခေါင်းညိတ်ပြလိုက်ရသည်။

Love Like Heaven (Completed)Where stories live. Discover now