Uni
"မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ
တစ်ယောက်တစ်လှည့်မို့ လှမ်းကာ ဖြန်းပက်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ
ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ"
ခပ်ဝေးဝေးက သို့မဟုတ် နီးနီးနားနားဟုလည်း ပြောလို့ရသည်။ သင်္ကြန်မရောက်ခင် ၂ရက်လောက်ကတည်းက ဟိုဟိုဒီဒီက ဖွင့်ကြသော သင်္ကြန်သီချင်းသံတွေက အပြိုင်အဆိုင်။ အခုလို သင်္ကြန်နေ့ရောက်လာရင် ပိုဆိုးသည်။ သီချင်းသံတွေက ရောထွေးပြီး ဘယ်ကဖွင့်မှန်း မသိတော့။ သို့သော် သင်္ကြန် အငွေ့အသက်များကတော့ ခပ်လှိုင်လှိုင် ရနေဆဲ။ တီးလုံးများက တစ်ပုဒ်နှင့်တစ်ပုဒ် ရောယှက်စီးဆင်းသွားကာ မြနန္ဒာကနေ ရှာပုံတော်မင်းသားကြီး လိုက်ဆိုမိတာမျိုး။
သင်္ကြန်ရောက်ပြီဟူသော ခံစားချက်နှင့် အရာအားလုံးက နုသစ်လန်းဆန်းနေသည်။ 'နှစ်သစ်' အရာအားလုံး စတင်မည့် နောက်အချိန်ကာလတစ်ခုသို့ အကူးအပြောင်းကာလ။ သစ်လွင်သော ခံစားချက်တို့နှင့် ရေတစိုစိုဖြစ်နေသည့် လမ်းမကြီးကို အပေါ်က ငုံ့ကြည့်ရသည်မှာ ရင်ခုန်စရာကောင်းလှသည်။ ရေပက်မည့်လူတွေသည် မနက်၆နာရီကတည်းက ကြိုပြင်ထားသလား မသိပါ။ သူတို့ အလုပ်လုပ်သည့် လမ်းတလျှောက်မှာတောင် အုန်းလက်နှင့်လုပ်ထားသည့် မဏ္ဍာပ်တချို့ ရောက်နေပြီဖြစ်သည်။
အဲ့ဒီမှာ မုန့်လုံးရေပေါ်လုံးကြမည်။ တစ်ရက်လုံး ရေကစားရမည်။ ပျော်စရာပင်။ တချို့လည်း ရေရှောင်ရေးအတွက် ဥပုဒ်ကျောင်းသို့ ထမင်းချိုင့်လေးတစ်လုံးနှင့် ခပ်သွက်သွက်သွားကြသည်။ လူတွေကတော့ ရိုးရာနှစ်ကူးကို သူတို့ ယုံကြည်သည့်နည်းလမ်းဖြင့် ဖြတ်ကျော်နေကြဆဲ ဖြစ်သည်။
တချို့တွေကျတော့ ကုသိုလ်လုပ်ရင်း ဖြတ်သန်းသည်။ တချို့ကျ ကုသိုလ်တစ်ဝက် ပျော်တာတစ်ဝက်နှင့် ဖြတ်သန်းသည်။ တချို့ကျ အပျော်ချည်းသက်သက် ဖြတ်သန်းသည်။ ကိုယ်ယုံကြည်သလို ဆင်နွဲကြခြင်းသာ။ အပေါ်ထပ်ပြတင်းပေါက်က လှမ်းကြည့်နေရင်း လိုတ ပြုံးနေမိသည်။ ရင်ခုန်သည့် အပြုံးဖြစ်လိမ့်မည်။ သူ့တစ်ကိုယ်လုံးက စိတ်ကြွဆေးထိုးထားသလား ထင်ရအောင် မြောက်ကြွကြွ။
ŞİMDİ OKUDUĞUN
Love Like Heaven (Completed)