Episode 196

226 21 10
                                    

Uni

ရက်တွေက ကြာလာခဲ့သည်။ အရာရာသည် ညှိုးနွမ်းခြောက်သွေ့သွားတတ်သည့် နိယာမရှိနေပြီး လိုတရတောင်မှ အဲ့ဒီနိယာမတွေထဲ ပါနေသေးသလား သူ မသိတော့ပါ။ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားတိုင်း သူ့မျက်ဝန်းတွေက ပိုမိုလို့ အေးစက်လာသည်။ မျက်နှာသေကြီးနှင့် ပြုံးလည်းမပြုံးတတ်တော့သလို တစ်ခါတလေ စိတ်လွင့်နေသလိုမျိုး ငူငူကြီးထိုင်နေတတ်သည်။

အလုပ်ထဲကလူတွေက လိုတရဲ့ပုံစံကို ရိုးအီသွားတဲ့အထိ တစ်ရက်ပြီးတစ်ရက် ထိုင်ကြည့်နေခဲ့ရတာဖြစ်သည်။ သူတို့က တောက်ပတဲ့အလှလေးက အေးစက်တဲ့ကျောက်ရုပ်လိုမျိုးဖြစ်သွားတာကို ရင်နာနာနဲ့စောင့်ကြည့်နေခဲ့ရသည်။ လိုတက ပိုင်ဥာဏ်မရှိတော့ကတည်းက စိတ်ဝိဥာဉ်မရှိတော့သလို ပြုမူနေသည်။ တစ်ခါတစ်ခါ ဘောပင်ကို ပြောင်းပြန်ထားပြီး စာရေးတတ်သလို တချို့သော အလွဲလွဲအမှားမှားလေးတွေလည်း ရှိလာသည်။ သူ့ကို ခြုံငုံပြောရရင် လုံးဝလုံးဝကို သတိကပ်မနေ။

လိုတက ဘောင်းဘီတိုတွေလည်း ပြန်ဝတ်လာသည်။ သူ လုပ်ချင်ရာလုပ်ရင်း တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းနေပေမဲ့ ပျော်ရွှင်မှုကို ဘယ်မှာမှလိုက်ဖမ်းဆီးလို့မရ။ အလုပ်သမားလေးတွေလည်း လိုတကို ဆက်မငေးရဲတော့ပါ။ ငူငူငိုင်ငိုင်ဖြစ်နေသည့်အလှလေးက လှပနေတုန်းဆိုပေမဲ့ ကျောက်ရုပ်လိုဖြစ်နေသည့်မျက်ဝန်းတွေကိုတော့ ဘယ်လိုမှ မကြည့်ရဲ။ လိုတကတော့ ဒီအတိုင်း မေးကိုလက်ထောက်ပြီး ငေးမိငေးရာ ငေးတတ်တယ်ဆိုပေမဲ့ အလုပ်သမားကောင်လေးတွေကတော့ သူတို့ကိုထိုင်ကြည့်နေမှာ အလွန်ကြောက်ကြပါ၏။

သူတို့ကို တွဲဖက်အသစ်ပေးလာသည့်မန်နေဂျာသည် အလွန်ကျွမ်းကျင်သည်။ တချို့နေရာများ၌ သူက ကျွမ်းကျင်မှုကို အမြတ်ထုတ်ဖို့အသုံးချတာမျိုးလုပ်လာတတ်သည်။ ဒါမျိုးကိစ္စဆို လိုတက မျက်နှာသေကြီးနှင့် သူ့ကုမ္ပဏီအတွက်သူ ရပ်တည်တတ်သည်။ သူ့မျက်နှာသေကြောင့်လားမသိ။ ထိုမန်နေဂျာက သူ့ကိုတော့ ကြောက်ပါ၏။ သူ နည်းနည်းထပြောလိုက်တာနဲ့ ဘာမှ ဆက်မလုပ်ရဲတော့။

အလုပ်ပြီးလို့ အိမ်ပြန်တော့ ခြောက်ကပ်နေသည့်တိုက်ခန်းကိုကြည့်ရင်း သူ မရယ်နိုင်။ တိုက်ခန်းက တကယ်ကြီးကို ခြောက်ကပ်နေသည်။ ချာချီလည်းမရှိ။ ဟိုလူလည်းမရှိ။ အဲ့ဒီလူက သူမရှိပေမဲ့ သူ့အဝတ်အစားတွေကိုတော့ ပေါချင်းသောချင်း ထားခဲ့သေးသည်။ မသိရင် တကယ်ပဲ ခဏလေးထွက်သွားသလိုမျိုး။

Love Like Heaven (Completed)Where stories live. Discover now