Uni
တစ်လ...
နွေရာသီဟု အမည်သမုတ်သော်ငြား တကယ်တမ်းတော့ သူတို့ လွတ်လွတ်လပ်လပ်နားရသည်မှာ တစ်လပဲဖြစ်၏။ ကျောင်းသည် သူတို့ကို ၃လနားခွင့်မပေးပေ။ ဆယ်တန်း၏ ကြီးမြင့်၍ဂုဏ်သတင်းကျော်ကြားသော အခက်အခဲများကြား သူတို့မှာ နားချိန်တစ်လပဲရှိခဲ့သည်။ ဤသို့ဖြင့် အေပရယ်လ၏ ပထမဆုံးရက် ညနေခင်းတွင် သူတို့သည် ကျောင်းဝန်းထဲသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ကျောင်းသည် ဘာမှမပြောင်းလဲ။ သူတို့ထွက်ခွာသွားတုန်းကလို သွေ့ခြောက်လျက် တည်ရှိနေဆဲပင်။ ဒီနှစ် 'သင်္ကြန်တောင် ပျော်ရမှာမဟုတ်'ဆိုသည့်အသိက စိတ်ကို နွမ်းလျစေသည်။ သို့ပေမဲ့ မတတ်နိုင်။ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်သင့်သည် မဟုတ်လား။
အခန်းသည် ယခင်နှစ်က အခန်းပဲဖြစ်သည်။ ဘာမှပြောင်းလဲမသွား။ အခန်းကျဉ်းလေးထဲမှ ပူးကပ်နေသည့် နှစ်ထပ်ကုတင်သုံးလုံးသည် သူတို့ငါးယောက်ပြန်အလာကို ဝမ်းသာအားရနှင့် စောင့်နေသည့်ဟန်ရှိသည်။ လိုတရ လက်ထဲမှ အထုတ်အလေးကြီးကို ခုတင်ပေါ်သို့ချလိုက်ကာ
"ခါးညောင်းလိုက်တာကွာ သေတော့မှာ"
"ဒါနဲ့ ပိုင်ဥာဏ်က မရောက်သေးဘူးလား။ သူ အချိန်မီလာမယ်ဆိုပြီးတော့"
ခန့်မင်းကျော်က တစ်ဖက်ကုတင်ကနေ လှမ်းပြော၏။ ပိုင်ဥာဏ်က သူ့မြို့ကနေ ဒီနေ့ညနေအမီ နေ့ကားနဲ့ပြန်လာမှာ ဖြစ်သည်။ ရောက်မရောက်တော့ မသိ။ အခုထိတော့ အရိပ်အယောင်တောင် မမြင်ရသေး။
"ညနေ၆နာရီပဲရှိနေပြီ ရောက်လောက်ပါပြီ။ နည်းနည်းထပ်စောင့်တာပေါ့"
လွင်ဟိန်းက ဝင်ပြောလိုက်ရင်း ဘာမှမခင်းရသေးသော ကုတင်ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ကျောင်းက သူတို့ကို အထုပ်တွေထားပြီးတာနှင့် အခန်းထဲသို့လာရန် အမိန့်ပေးထားသည်။ သူတို့ ကျောင်းအပ်ကတည်းက နေရမည့် အခန်းကိုသိပြီးသားမို့ အခန်းရှာစရာတော့မလို။ ဒီတစ်ခေါက် သူတို့၏ ဆယ်တန်းအခန်းက Section Bဖြစ်၏။
"တောင် တောင် တောင်"
"ဟာ သူတို့ကလည်း လုပ်ပြီ"
YOU ARE READING
Love Like Heaven (Completed)