Episode 192

247 21 12
                                    

Uni

ပျက်နေသည့်ကားကို ပြန်ပြင်ပြီးတော့ မနက်၇နာရီတောင်ရှိပြီဖြစ်သည်။ ကံကောင်းသည်က ကားပျက်သည့်နေရာကနေ ဆိုက်ထဲအထိ နည်းနည်းလေးပဲ ဆက်မောင်းရတာပင် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးအိမ်ပြန်ရောက်တော့ မနက်၈နာရီကျော်ကျော်။ အလုပ်သမားတွေအကုန်လုံး ဆိုက်ထဲမှာ တက်တက်ကြွကြွအလုပ်လုပ်နေရချိန် သူနဲ့ ပိုင်ဥာဏ်ကတော့ မောပန်းလို့။

ပိုင်ဥာဏ်က ပိုဆိုးသည်။ ညမအိပ်ဘဲနေခဲ့ရလို့ ထင်၏။ မျက်နှာသိပ်မကောင်းချင်။ လိုတကတော့ ည၏သုံးပုံနှစ်ပုံအထိ အိပ်ခဲ့ရတာဖြစ်သည်။ ရေမချိုးရသေး၍ လန်းလန်းဆန်းဆန်းမရှိပေမဲ့ ပိုင်ဥာဏ်လောက်တော့မဆိုး။ ဤသို့ဖြင့် လိုတက အလုပ်သွားမည်ဖြစ်ပြီး ပိုင်ဥာဏ်ကတော့ ဒီနေ့တစ်ရက်အလုပ်နားမည်ဟု ဆိုလာသည်။ အိမ်ရောက်ကတည်းက အိပ်ရာပေါ်ပြေးတက်သည့် ပိုင်ဥာဏ်ကိုကြည့်ကာ လိုတ ဘာမှမပြောရက်။

လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ရေမြန်မြန်ချိုးလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးအဝတ်အစားတွေ ကောက်ဝတ်ကာ အလုပ်သွားဖို့ ပြင်ဆင်လိုက်သည်။ မနက်စာကတော့ အသားပေါင်မုန့်တစ်ခုခုဝယ်ပြီး စားလိုက်ရင် အဆင်ပြေသွားမည်ပင်။

"ပိုင်ဥာဏ် မင်း မနက်စာ ဘာစားမလဲ။ ငါ ဝယ်လာခဲ့ပေးမယ်လေ"

အိပ်နေသော လူနား တိုးကပ်သွားရင်း ခပ်တိုးတိုးပြောမိသည်။ ပိုင်ဥာဏ်က ကုတင်ပေါ်မှာလဲလျောင်းနေရင်း မျက်ဝန်းတို့ကို စေ့စေ့ပိတ်ထားကာ ကြည့်ရတာ သနားဖို့တောင်ကောင်းသေးသည်။

"ပိုင်ဥာဏ်"

အရမ်းကြီးလည်း လှုပ်မနှိုးရဲတာမို့ လက်မောင်းက အင်္ကျီစကို ဖွဖွလေးဆွဲပြီး ခေါ်မိသည်။ ပိုင်ဥာဏ်ကို နှိုးလည်းမနှိုးချင်။ ဒီတစ်ခေါက်မှ နှိုးမရရင်လည်း တစ်ခုခုဝယ်ထားပေးခဲ့ဖို့သာ စိတ်ကူးလိုက်သည်။ မျက်လုံးပွင့်မလာသော ပိုင်ဥာဏ်ကြောင့် လိုတက အင်္ကျီစလေးကို ပြန်လွှတ်ကာ ထရပ်၏။ ပြတင်းပေါက်မှ နေရောင်တွေက အခန်းထဲသို့ လုံးလုံးလျားလျားစူးဝင်နေသည်ကြောင့် ပြတင်းပေါက်တွေကို အရင်သွားပိတ်လိုက်သည်။ ပိုင်ဥာဏ် အိပ်ရေးပျက်သွားမှာမျိုး သူ မလိုလား။

Love Like Heaven (Completed)Donde viven las historias. Descúbrelo ahora