Episode 125

184 15 0
                                    

Uni

ချာချီက သူ့သခင်မကို တစ်ချက်ကြည့်သည်။ ထို့နောက် သူ၏ ဝဖီးနေသော ခြေလက်တို့ဖြင့် ဝံ့ဝံ့ကြွားကြွား စလျှောက်၏။ ဘဝင်မြင့်နေသော မျက်နှာထားနှင့်ကြောင်သည် အခြေအနေကို သတိမမူမိသေးဘဲ သူ့နေရာအသစ်ကိုသွားရန်သာ စိတ်အားထက်သန်နေသည်။

လှေကားထစ်များပေါ်သို့ အိန္ဒြေရရ လျှောက်သွားပြီးနောက် ကြောင်ဝတုတ်သည် သူ့အသိုက်ဆီသို့ ရောက်၏။ အထဲမှာကား အိစက်သော မွေ့ရာသားတွေခင်းထားသည်။ သိုးမွှေးလုံးတွေလည်း သုံးလုံးလောက်ရှိသည်။ အိစိအိစိ ကြွက်ရုပ်လေးက တစ်ရုပ်။ ချာချီ သွားယားလာသည်။ သို့သော် သူသည် ကြောင်ကြီးကြောင်ကောင်းဖြစ်သည်။

ချာချီက သူ၏ ကြီးမားလုံးဝိုင်းသော ဖင်ကြီးကို အသိုက်ပေါ်ချထိုင်လိုက်ကာ သူ့သခင်မဆီ မျက်နှာမူလိုက်သည်။ ချာချီ့မျက်နှာသည် မာနကြီးသောအသွင်အပြင်ဖြစ်နေဆဲသာ။ သိမ်မွေ့စွာလှုပ်ယမ်းနေသော သူ့အမြီးကသာ သူ၏ စိတ်အခြေအနေအစစ်အမှန်ကိုပြသည်။ သူ သခင်မ အလုပ်ရှုပ်နေချိန်ကိုစောင့်မည်။ ပြီးမှ ဆော့လည်း ကိစ္စမရှိပေ။

"အမလေး ချာချီလေးက အဲ့နေရာကို အတော်လေးကြိုက်ပုံရတာပဲ"

ဒေါမေမြင့်သည် ချစ်စနိုးရေရွတ်ကာ သူ၏ချာချီအား ဓာတ်ပုံငါးပုံလောက်ရိုက်၏။

"ကဲ ကဲ ဒါဆို အဝတ်အစားတွေနဲ့ ပစ္စည်းတွေ နေရာချတော့သားရေ။ မေမေက ပြန်တော့မယ်။ သားကို အဝတ်တွေတောင် ကူမထည့်ပေးနိုင်တော့ဘူး။ ညနေမှောင်တော့မယ်လေ သားရယ်။ သားဘွားဘွားကြီးအကြောင်းလည်း သိမှာပါ"

"ဟုတ်ကဲ့ မေမေ ရပါတယ်"

မေမေက ကျက်သရေရှိရှိပြုံးသည်။ ထို့နောက် သူ၏ ကြောင်ဝတုတ်ကြီးဆီ ချဉ်းကပ်သွားကာ အိန္ဒြေရှိဟန်ဆောင်နေသော မြောင်ကြီးကို လက်မောင်းထဲထည့်၍ ပွေ့ဖက်သည်။ ချာချီသည် ဇိမ်ခံနေသည်။ သူ နွေးထွေးသော အထိအတွေ့အား သဘောကျသည်။ သို့သော်ငြား ချာချီက မူနေဆဲပင်။ ခဏကြာတော့မှ သူက သူ့သခင်မကို ပွတ်သတ်ပေးလိုက်မည်။ ထိုအခါ သူ့သခင်မက သူ့ကို အသည်းတွေကြွေသည်အထိ ချစ်မြတ်နိုးသွားပေလိမ့်မည်။

Love Like Heaven (Completed)Donde viven las historias. Descúbrelo ahora