Uni
လူတွေ ပျားပန်းခတ်နေသည့် ကျောင်းဝင်းကျယ်ကြီးထဲသို့ ကားအဖြူလေးတစ်စီးဝင်လာသည်။ ကားလေးသည် လျောလျူစွာ မောင်းနှင်နေရာမှ အရှိန်လျှော့လိုက်ရင်း အနီးရှိ ကားထိုးသည့်နေရာသို့ ဝင်ရပ်လိုက်သည်။ ထို့နောက် ကားတံခါးပွင့်လာကာ ခြေထောက်ဖြူဖြူလေးတစ်ဖက် အရင်ကျဆင်းလာသည်။
ဖြူဖွေးနေသော ခြေဖမိုးမို့မို့များအပေါ်၌ ကတီပါဖိနပ်အမည်းရောင်၏ ထင်းလင်းမှုက လိုက်ဖက်လွန်းသည်။ ထိုခြေဖမိုးများအပေါ်သို့ ခပ်တိုက်တိုက် ကျဆင်းနေသည့် ပုဆိုးစွန်းတစ်ခု။ ဘွဲ့ယူမည့်နေ့ပေမို့ ပုဆိုးသည် အလွန်တောက်ပြောင်သစ်လွင်လွန်းနေသည်သာ။
အမည်းရောင်ဘွဲ့ဝတ်စုံအား ခပ်ပွပွဝတ်ဆင်ထားရင်း လိုတရက ကားတံခါးကို ပြန်ပိတ်လိုက်သည်။ ဆံပင်နီညိုရောင်က ခါတိုင်းလိုပဲ ဆီမလိမ်းထားတာတောင် နူးညံ့အိစက်နေသေးသည်။ ဆံပင်အဖျားကွေးလေးတွေက နှဖူးပေါ်သို့ တိုက်ရိုက်ကျနေကာ ဖြူဖွေးဖွေးအသားပြင်ပေါ်၌ ထင်းနေ၏။ မျက်ဝန်းတွေကို လှပါသည်ဟု ချီးကျူးရလောက်သည်အထိ ထိန်းသိမ်းပေးထားသော မျက်တောင်ကော့ကော့များကလည်း လိုတ ကြည့်လိုက်သည့်နေရာတိုင်းသို့ ကော့ညွတ်စွာဖြင့်။
ပြေပြစ်သောနှဖူးပြင်မှ ဆင်းကျသွားသော နှာတံစင်းစင်း၊ ထို့နောက် အမြဲချယ်ရီရင့်ရောင် သမ်းနေတတ်သည့် နှုတ်ခမ်းပါးနှစ်လွှာ။ ဘွဲ့ဝတ်စုံ၏ အနားသတ်သို့ မရောက်မီ လည်တိုင်ကျော့ကျော့၏ ဖြူဝင်းမှုက လူတိုင်းကို ငေးကြည့်စေခဲ့သည်။ ဘွဲ့ဦးထုပ်ကို လက်မှာကိုင်ထားလို့ လိုတရကတော့ ကျောင်းဝန်းဆီ ဟိုကြည့်ဒီကြည့်။
နတ်သားလေးတစ်ပါး ဆင်းလာသလိုမျိုး ကျော့ရှင်းရည်မွန်နေသာ လိုတရ၏ အသွင်အပြင်က နားရွက်ကားကား သွားစွယ်ချွန်ချွန်လေးနှင့်မို့ နတ်သူငယ်လေးလားလို့တောင် ထင်ရသည်။ တစ်ကိုယ်လုံးကို ကြည့်လိုက်လျှင်လည်း ဖြူဖြူဖွေးဖွေး နှစ်သက်ချင်စရာ။
အရပ်ပိုရှည်လာပေမဲ့ အသားကတော့ ဖြူသထက် ပိုဖြူလာခဲ့သည်။ သရက်မှာ အပြင်ထွက်တာလည်း သိပ်မရှိတော့ အိမ်တွင်းအောင်းပြီး ပိုဖြူလာသည်ထင်သည်။ ပိန်ပိန်ပါးပါးခန္ဓာကိုယ်က အမေဖြစ်သည့် ဒေါ်ခင်မြတ်နှင့် ကြာလေတူလေ။
YOU ARE READING
Love Like Heaven (Completed)