Episode 164

167 16 6
                                    

Uni

အထဲ၌ လဲလျောင်းနေသော ခန္ဓာကိုယ်သည် အသက်ရှစ်ဆယ်လောက်ရှိသော အဘွားကြီးတစ်ယောက်၏ ခန္ဓာကိုယ်ပင်ဖြစ်သည်။ ပါးရေနားရေများ တွန့်တွဲနေကာ သေဆုံးသွားသည့်နောက်ပိုင်း လူက ပို၍ ကျုံ့ဝင်သွားသလိုပင်။ လိုတက အိမ်နီးချင်းတွေနဲ့ မရင်းနှီးဘူးဆိုပေမဲ့ ဒီအဘွားကိုတော့ တစ်ခါစ နှစ်ခါစ တွေ့ဖူးပါသည်။ ဘယ်လိုပဲဆိုဆို ကိုယ့်အိမ်ရှေ့အိမ်မှာနေတာမို့ မျက်မှန်းတန်းမိခြင်းသာ။

ထိုအချိန်က အဘွား၏ ပုံသဏ္ဍာန်ကို ပြန်အမှတ်ရမိသည်။ စိန်နားကပ်ကြီးနှစ်ခုကို ပြောင်လက်နေအောင် ဝတ်ထားပြီး ဘယ်တော့မဆို ပြင်ပြင်ဆင်ဆင်နေသည်။ ဖြူဖွေးသန့်စင်နေသော အသားအရည်တို့ကြောင့် ထိုအဘွားသည် အသက်ကြီးနေရင်းတောင် အထက်တန်းဆန်သည့်အငွေ့အသက်တို့ကို ထုတ်လွှင့်နိုင်သည်။ ဘယ်တော့မဆို တွေ့သမျှလူကို အထင်သေးကြည့်ဖြင့် ကြည့်တတ်ကြောင်း လိုတ ပြန်အမှတ်ရမိသည်။ ထိုတုန်းက ပုံရိပ်ကို တွေးမိရင်း ယခုပုံရိပ်ကို ပြန်ကြည့်မိတော့ ဘာမှမဆိုင်တော့သလို ခံစားလိုက်ရသည်။

ဒီလူက ဒီလူပဲဖြစ်ပေမဲ့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းမှာ ပြောင်းလဲသွားတာတွေက အများအပြား။ စိန်နားကပ်ကြီးရှိခဲ့သော နားသည်လည်း တွဲကျနေသည့်ကြားက ဟောင်းလောင်းပေါက်ကြီးဖြစ်ခဲ့ပြီ။ တစ်ချိန်က ဖြူဖွေးနေသည့် အသားအရည်များကလည်း ခုများတော့ ခြောက်ကပ်ကပ်။ လူသည် ပို၍ သေးဝင်သွားသလို ခံစားရပြီး ဆံပင်များကလည်း သိပ်မရှိတော့။

တစ်ချိန်က မာနကြီးသည့်အရိပ်အယောင်များရှိခဲ့သည့် မျက်ဝန်းများသည် တစ်ဖန်ပြန်ပွင့်မလာနိုင်တော့ပေ။ သူ့ဘေးက အဘွားလေး ဘယ်လောက်ငိုငို သူမသည် ထလာမည့်ဟန်မပြဘဲ တိတ်တိတ်လေး လဲလျောင်းနေခဲ့သည်။ သို့ပါသော်လည်း မျက်နှာကို ကြည့်ရတာ အေးအေးချမ်းချမ်းမရှိလှ။

မျက်လုံးတစ်ဝိုက်သည် မည်းမည်းအကွင်းကြီးဖြစ်တည်နေကာ ပါးရိုးတွေပါ ပေါ်နေသည်။ အံသည်ခပ်ဟဟပွင့်နေရမည့်အစား ခပ်တင်းတင်းဖြစ်နေသလို ထင်ရသည်။ မျက်နှာထားသည် ပကတိ တင်းမာနေကာ မျက်လုံးသာဖွင့်လာပါက မီးဝင်းဝင်းတောက်နေမလားဟုတောင် လိုတ တွေးမိသွားရသည်။ လေတစ်ချက်ထပ်ဝေ့သွားတော့ ပန်းခြင်းများမှ ပန်းတွေအပြင် ဇာအုပ်ပေါ်တင်ထားသော စံပယ်ပန်းအတွဲလေးကပါ လှုပ်လှုပ်ရမ်းရမ်း။

Love Like Heaven (Completed)Where stories live. Discover now