Uni
"ဂျာလေး ထမင်းစားချိန်ရောက်ပြီ။ အရင်ထမင်းဝင်စားမလား။ ကုမ္ပဏီပဲ တန်းသွားမှာလား"
"ဟင်"
အတွေးလွန်နေရင်းမှ ကားမောင်းသည့်အစ်ကို၏စကားသံကြောင့် ပြန်သတိဝင်လာရသည်။ နဂိုက နေ့လည်စာထမင်းမစားတော့ဘဲ ဒါရိုက်တာကြီးနဲ့ ပြန်တွေ့ဖို့စီစဉ်ထားသော်လည်း ကားမောင်းသည့်အစ်ကိုကို တစ်ချက်ကြည့်ပြီး တွေဝေသွားရသည်။ သူ မစားခဲ့လျှင် ဒီအစ်ကိုလည်း စားရမှာ မဟုတ်ပေ။
"အစ်ကို သဘောကျတဲ့ဆိုင်ရှိရင် ဝင်လေ အစ်ကို"
"ဟုတ်ကဲ့ ဂျာလေး"
သူတို့နှစ်ယောက် နီးစပ်ရာ ထမင်းဆိုင်ဆီမှာ ဝင်စားလိုက်ရသည်။ အစားဝင်သွားလို့လားတော့ မသိပေမဲ့ ခေါင်းကိုက်သက်သာလာသည်။ ပင်ပန်းခဲ့သည့် စိတ်အစုံက ဗိုက်ပြည့်သွားတော့ အိပ်ချင်လာသည် အထိပင်။ ကုမ္ပဏီကို ပြန်ရောက်တော့ အခန်းတွေအားလုံးက ပြောင်သလင်းခါနေသည်။ တိုက်ကြီးတစ်ခုလုံး၌ အကြီးအကဲ ၇ယောက်နှင့် လုံခြုံရေးတွေ အားလုံးပေါင်းကာမှ ၁၂ယောက်သာသာ ရှိတော့သည်။
လိုတရ အပေါ်တက်သွားတော့ ဒါရိုက်တာကြီးက သူ့ရုံးခန်းမှာ ထိုင်နေသည်။ ဒါရိုက်တာ ဦးမျိုးထွဋ်သည် အသက်၄၅ကျော်ကျော်လောက်သာ ရှိဦးမည်။ မျက်မှန်ကြည်ကြည်တစ်လက်ကို အမြဲတမ်းတပ်ဆင်ထားကာ သူ့ပုံစံက ခန့်ခန့်ညားညားရှိသည်။ အပြုံးဟူ၍ လိုတရ ရောက်လာခဲ့သည့်တလျှောက် မမြင်ဖူးသေး။ ဒါရိုက်တာကြီး၏ မျက်လုံးများသည် လူတစ်ယောက်ကို ကြည့်လျှင် ထိုလူ၏တန်ဖိုးကို အကဲဖြတ်နေသကဲ့သို့ စေ့စေ့စပ်စပ်ကြည့်တတ်သည်။ ပြောရရင် အတော်ငြိမ်ပြီး ထက်မြက်သည်ဟု ယူဆရသည့် လူစားမျိုးပင်။
"ဒါရိုက်တာကြီး ကျွန်တော် လိုတရပါ"
အခန်းတံခါးကို ခေါက်၍ အသံပြုလိုက်တော့ အထဲက ဂျာကြီးက မော့ကြည့်လာသည်။ ထိပ်ဆုံးထပ်သည် တကယ်ကို အောက်ကအထပ်များနှင့် မတူပေ။ အောက်က အထပ်များမှာ ရုံးခန်းများသည် ရိုးရိုးနံရံများသာ ဖြစ်သော်ငြား ဒီအထပ်တွင်တော့ ရုံးခန်းများသည် မှန်တံခါးများ၊ ဖောက်ထွင်းမြင်ရသော မှန်ချပ်များနှင့် လှလှပပ အလှဆင်ထားသော အခန်းများဖြစ်သည်။
YOU ARE READING
Love Like Heaven (Completed)