Uni
"သက်လျာ နင်တို့ရောက်နေကြပြီလား။ ဆောရီး ငါကနည်းနည်းနောက်ကျသွားတာ သိလား။ တော်သေးတာပေါ့ ဆောင်းက ပြီးတော့မှာဆိုတော့ နည်းနည်းပိုချမ်းလာပေမဲ့ ဒါပြီးရင် အဆင်ပြေသွားမှာ။ နို့မို့ဆို ငါ့မှာ ချမ်းနေရတာနဲ့ ကောင်းကောင်းရှိုးမထုတ်ရဘူး"
ကန်တင်းကို ရောက်လာသည်နှင့် ပွစိပွစိရေရွတ်ကာ ရင်ဖိုနေသော အပြုံးလေးတစ်ပွင့်နှင့် ဝင်ထိုင်လိုက်သော လိုတရ။ သက်လျာနှင့် ရည်မွန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ဘုရားသွားတုန်းက လိုတပုံစံလေး ကြည်ရွှင်နေခဲ့တယ်ဆိုပေမဲ့ အခုလို အူမြူးနေရလောက်သည်ထိတော့ မဟုတ်သေးပါ။ နောက်ပြီး ပိုင်ဥာဏ်နဲ့ကိစ္စကြောင့် လိုတရမှာ စိတ်ရှုပ်နေခဲ့ရတာပဲ မဟုတ်ဘူးလား။ အခုမှ ရုတ်တရက်ကြီး ဘာဖြစ်သွားသည် မသိ။ သို့သော် သူတို့မှာ ထုတ်လည်း မမေးရဲ။ လိုတရ ဒီလိုပျော်နေရာကနေ ပြန်မှိုင်ကျမှာကို စိုးရိမ်သည်။
"လိုတ နင်ကလည်းဟယ် စကားတွေများနေလိုက်တာ ဒီနေ့မှ။ ပျော်စရာတစ်ခုခုရှိလို့လား။ ငါတို့ကို ပြောပြမလား"
လိုတရက ပါးပြင်တွေမို့တက်လာအောင် ပြုံးရင်း မျက်ခုံးပင့်သည်။ ထို့နောက် ခါတိုင်းလိုပင် ရည်မွန့်အချိုရည်ကို ဆွဲယူသောက်လိုက်ကာ အိုက်တင်ခံနေသေးသည်။
"ဟေ့ကောင်ရာ ပြောမှာဖြင့်ပြော။ ငါဖြင့် စိတ်မရှည်တော့ဘူး။ မင်းရုပ်ကြီးကြည့်နေရတာ ငါးခူကို နှုတ်ခမ်းမွှေးဖြုတ်ပြီး ပြုံးခိုင်းနေတဲ့အတိုင်းပဲ"
"အဟီး အဲ့လိုဖြစ်သွားလား"
လိုတရက အလွန်အင်မတန် တက်ကြွနေသည့်ပုံပါ။ မျက်တောင်ရှည်ကြီးတွေကို တဖျတ်ဖျတ်ခတ်လိုက်ရင်း တစ်စုံတစ်ခုကို တွေးနေမိသလို ငြိမ်ငြိမ်သက်သက်လေး ပြုံးနေသည်။ သူ့အပြုံးက အသက်ဝင်လှ၏။ ခဏလောက်နေမှ အသက်ဝဝရှူလိုက်ရင်း သက်လျာတို့ကို ကြည့်လာသည်။ တစ်ခုခုကို ထုတ်ပြောတော့မည့် ပုံမျိုး။
"သက်လျာ.. ရည်မွန် ငါလေ ချစ်မိသွားပြီထင်တယ်ကွ"
"ဘာ"
YOU ARE READING
Love Like Heaven (Completed)