Uni
"ဘယ်သူ့ကိုတွေ့ချင်လို့ပါလဲ"
Receptionက ဝန်ထမ်းလေးက ယဉ်ယဉ်ကျေးကျေးမေးလာသည်။ ပိုင်ဥာဏ် ကောင်တာကို မှီရပ်လိုက်ကာ စိတ်ရွှင်ပျနေသော အပြုံးဖြင့်ပြုံးသည်။
"ဒီက မန်နေဂျာ လိုတရကို တွေ့ချင်လို့ပါ"
"ဪ Appointment ယူထားပါသလားရှင်"
"အဲ့တာတော့ မယူထားပါဘူး။ ကျွန်တော်က Land 2ရဲ့ ဒါရိုက်တာဆိုတော့ ကိစ္စလေးရှိလို့ လာခဲ့တာပါ"
ပိုင်ဥာဏ်က အင်္ကျီအိပ်ကပ်ထဲမှာထည့်ထားတတ်သည့် ဝန်ထမ်းကဒ်လေးကို တစ်ချက်ထုတ်ပြလိုက်သည်။ Homeက ကြီးမားသော ကုမ္ပဏီကြီးမဟုတ်သည်မို့ လောလောဆယ်မှာ Land2နဲ့ ပူးပေါင်းထားတာဖြစ်ကြောင်း လူတိုင်းနီးပါးလိုလို သိနေကြသည်ပင်။ Receptionက ဝန်ထမ်းလေးသည် ထိုကဒ်ကိုတွေ့လိုက်သည့်အခါ မျက်နှာအမူအရာက ပို၍ချိုမြိန်ယဉ်ကျေးလာသည်။
"ဟုတ်ကဲ့ ဒါရိုက်တာကြီးရှင့်။ မန်နေဂျာကြီးက အပေါ်မှာရှိပါတယ်။ လိုက်ပို့ပေးပါ့မယ်နော်"
"နေ နေ ရပါတယ်။ ကျွန်တော် သူ့ရုံးခန်းကိုသိတယ်။ ကျေးဇူးပါပဲ"
"ဟုတ်ကဲ့ ဒါရိုက်တာကြီး"
စိတ်လက်ကြည်သာနေတာမို့ ပိုင်ဥာဏ်က ပြုံးပြီး ခေါင်းညိတ်ပြခဲ့သည်။ ဧည့်ကြိုဝန်ထမ်းလေးတွေသည် ပိုင်ဥာဏ်ကို အရင်တစ်ခါ လာကတည်းက မှတ်မိနေတာဖြစ်သည်။ ထိုတုန်းကလည်း ဂျာကြီးကို တွေ့ဖို့လာတာဖြစ်ပေမဲ့ မျက်နှာက ရှစ်ခေါက်ချိုးထက်ကို ပိုလွန်၍ မည်းပုပ်နေခဲ့တာဖြစ်သည်။ အခု မျက်နှာထားနဲ့များ ယှဉ်ကြည့်လိုက်ရင် လားလားမှမဆိုင်။
ဘယ်လိုပဲဖြစ်စေ ရွှေရှိရာ ရွှေလာသည်ဆိုသော စကားက တကယ်မှန်လောက်သည်။ ဂျာကြီးကလည်း ဖြူဖတ်ဖတ်နဲ့ ချောသည်။ ဂျာကြီးနဲ့အလုပ်တွဲလုပ်သည့် ဒါရိုက်တာကြီးကလည်း ထောင်ထောင်မောင်းမောင်းနဲ့ ချောမောသည်။ သူတို့ မြေညီထပ်ဝန်ထမ်းတွေမှာ ဒီနှစ်ယောက်ကိုသာ နေ့တိုင်းတွေ့ရလျှင်ဖြင့် အလင်းတန်းတွေကြောင့် မျက်လုံးတွေ ကန်းမှာပင် ကြောက်နေရသည့်အဖြစ်။
YOU ARE READING
Love Like Heaven (Completed)