Episode 177

195 22 4
                                    

Uni

"ဘယ်သွားမလို့လဲ"

ပိုင်ဥာဏ်က လုပ်ငန်းခွင်အပြင်ဘက်ကို ထွက်သွားမည့်ဟန်ပြင်နေတာမို့ လိုတ အလန့်တကြား မေးလိုက်မိသည်။ အိမ်ပြန်ဖို့လားလို့ စဉ်းစားလိုက်ပေမဲ့ ပိုင်ဥာဏ်က အလကားနေရင်း အိမ်ပြန်တတ်သည့်အကျင့်မရှိပေ။ အိမ်က ဒီလောက်နီးနေတာတောင် လိုတကိုပဲ ကြောင်ကြည့်ဖို့၊ ကြောင်စာဖြည့်ဖို့၊ တစ်ခုခုယူဖို့ ဆိုသည့် ဆင်ခြေမျိုးစုံဖြင့် အိမ်ပြန်လွှတ်တာဖြစ်သည်။ ဒါကြောင့် အိမ်ပြန်စရာ ကိစ္စရှိရင်တောင် ကိုယ်တိုင်မသွားဘဲ လိုတကို ခိုင်းမှာ အသေအချာ။

"ဪ အင်း ငါ စည်ပင်ကိုသွားစရာကိစ္စလေးရှိလို့။ မင်းရော လိုက်ခဲ့မလား"

"ဟင် ဟင့်အင်း မလိုက်တော့ဘူး"

လုပ်ငန်းခွင်ထဲနေရတာလည်း လိုတမှာ တော်တော်လေးပင်ပန်းလှသည်။ သူ၏ ဖြူဖတ် ပိန်ပါးနေသော ခန္ဓာကိုယ်ကိုကြည့်ရင်း ပိုင်ဥာဏ်ကအချိန်တိုင်း ကလေးတစ်ယောက်လို ဆက်ဆံလာသည်။ အလုပ်လုပ်နေသည့် အလုပ်သမားတွေနဲ့ နည်းနည်းခွာပြီးကြည့်ရမည်၊ ရှေ့မကြည့်နောက်မကြည့်နဲ့ မနေရ၊ နေပူထဲမှာ မရပ်ရ စသော စည်းကမ်းများသည် ပိုင်ဥာဏ်ကိုယ်တိုင် သူ့ကိုချမှတ်ထားသော စည်းကမ်းများဖြစ်သည်။

သူ့မှာ ဟိုလူနားနည်းနည်းလေးကပ်ပြီး ကြည့်မိရင်ကို အဝေးကြီးကနေ လှမ်းလှမ်းအော်တတ်တာမို့ ဘယ်သူ့နားမှ မကပ်ရဲ။ ပိုင်ဥာဏ်က ဒေါသသံနဲ့ အော်တာမဟုတ်လို့ ပိုင်ဥာဏ်ကို ကြောက်တာမျိုးတော့ မဟုတ်ပါ။ တစ်မျိုးလိုလို ဝိုင်းကြည့်တတ်ကြလွန်းသော အလုပ်သမားတွေကို မျက်နှာပူလွန်း၍ဖြစ်သည်။ သူ့မှာ ကလေးတစ်ယောက် လုပ်ငန်းခွင်ထဲ တတောက်တောက် ရောက်လာတဲ့ပုံစံမျိုးနှင့်။

"မင်းသွားရင် ငါတော့ရှိမှဖြစ်မှာပေါ့"

ပိုင်ဥာဏ်က အလုပ်ဖိုင်လေးရင်ခွင်ပိုက်ရင်း ခေါင်းမော့ပြောနေသော လိုတကို တကူးတကငုံ့ကြည့်သည်။ နေပူပူအောက်မှာ လိုတမျက်တောင်ရှည်လေးတွေက အရိပ်ထင်နေသည်။ ဒီနောက်ပိုင်း ပိုင်ဥာဏ်ပြောလွန်းလို့ လက်ရှည်တွေပဲ ဝတ်လာပေမဲ့ လိုတ မျက်နှာလေးကြည့်လိုက်ရင်ကို သူ ဒီထဲက ဆွဲဆွဲထုတ်ပစ်ချင်သလို ခံစားရသည်။ လိုတကလည်း ပေကပ်ကပ်။ ပြောရင်ပြောတဲ့အတိုင်း ဘယ်တော့မှ မနေချင်။ ဟိုက အလုပ်လုပ်နေတဲ့ဟာတွေဆိုတာ ဒီကောင်လေးလာရင် တငေးတမောနဲ့ကြည့်တတ်သည်။ မသိလျှင် မိန်းကလေးတစ်ယောက် လုပ်ငန်းခွင်ထဲရောက်လာသည့်အတိုင်း။

Love Like Heaven (Completed)Where stories live. Discover now