Uni
ပြတင်းပေါက်က နေပြောက်ထိုးသည့်အချိန်တွင် ၆နာရီလောက်ရှိရော့မည်။ မနက်၈နာရီလောက် အဝေးပြေးကားဂိတ်ဆီသွားရမှာမို့ ပိုင်ဥာဏ်က ထဖို့ပဲပြင်ဆင်လိုက်သည်။ ထူးထူးဆန်းဆန်း ဒီနေ့မှ ၆နာရီလောက်နိုးနေတာ ဘယ်လိုဖြစ်တာလဲမသိ။ ခါတိုင်းဆိုရင် လိုတက အရင်နိုးနေကျကို ဒီမနက်တော့ သူက အရင်နိုးလာရသည်။
ရင်ဘတ်ဆီငုံ့ကြည့်မိတော့ လိုတ၏ လက်ချောင်းဖြူဖြူတွေအောက်မှာ သူ့အင်္ကျီစက အလုံးလိုက်လေး။ မနက်ဘက်ရောက်ပြီမို့ထင်သည်။ လိုတ၏ လက်ချောင်းသွယ်သွယ်တွေက အားပျော့သွားသည်။ ပိုင်ဥာဏ်က စိတ်အေးလက်အေးအိပ်နေသည့် လိုတကို တစ်ချက်ငုံ့ကြည့်လိုက်ကာ လက်ထဲက အင်္ကျီစကို စိတ်ရှည်လက်ရှည် ဖြုတ်၏။ အိပ်နေသူကမူ နည်းနည်းလေးတောင် လွန့်လူးမလာ။
ပိုင်ဥာဏ်က ယပ်တစ်ခုလို ယှက်ဖြာနေသော မျက်တောင်မွှေးရှည်တွေကို ကြည့်ရင်း လိုတလည်ပင်းဆီ ငုံ့ချလိုက်သည်။ အကြောစိမ်းစိမ်းတွေကိုတောင် မြင်ရလောက်အောင် ကြည်လင်နေပါသော လည်ပင်းနှင့် မထိတထိတွင်ရပ်လိုက်ကာ အနံ့ခံလိုက်သည်။ လိုတဆီမှာ မနေ့က ဘီယာနံ့တွေ မရှိတော့ဘူးဖြစ်သည်။ အဲ့ဒီအစား လိုတခန္ဓာကိုယ်မှ ပိုင်ဥာဏ်သုံးနေကျ ဆပ်ပြာနံ့လေး ခပ်ရေးရေးထွက်ပေါ်နေသည်။ အနံ့က တော်တော်ဖျော့တာမို့ အသားချင်းထိပြီး ရှူလိုက်မှ ပြတ်ပြတ်သားသား ခံစားလို့ရသည်။
ပိုင်ဥာဏ်က ကုတင်ပေါ်က ထထိုင်လိုက်ကာ သန့်စင်ခန်းကိုသွားပြီး မျက်နှာသစ်လိုက်သည်။ အောက်ထပ်မှာ မနက်စာပြင်ပြီးတော့မှ အပေါ်ထပ်ကို တက်လာကြည့်သည်။ လိုတက အခုထိ မနိုးသေး။ နာရီကြည့်လိုက်တော့၇နာရီထိုးတော့မှာမို့ ပိုင်ဥာဏ် သူ့ကို မနှိုးလို့ဖြစ်တော့ပေ။
"လိုတ ဟိတ် လိုတ ထတော့။ ၇နာရီရှိနေပြီး ၈နာရီကျ ကားထွက်မှာ"
"ဟင်"
လိုတက အဲ့လောက်လည်း အနှိုးရမခက်ပေ။ အိပ်မက်မှ ထလာကာစလူလို ယောင်ဝါးဝါးလုပ်ပြီးနောက် ပိုင်ဥာဏ်ကို ကြည့်ကာ ခဏမျှ ရပ်တန့်သွားသည်။
YOU ARE READING
Love Like Heaven (Completed)