Episode 103

179 19 2
                                    

Uni

လွတ်လွတ်လပ်လပ် ဝတ်လို့ရသည်ဆို၍ ပုဆိုးနှင့်အင်္ကျီအဖြူကိုသာ တွဲဝတ်လာခဲ့လိုက်သည်။ တကယ်တမ်းတော့ ဘောင်းဘီတိုနဲ့ ရှပ်ကသာ သူ့အတွက် ပေါ့ပေါ့ပါးပါးဖြစ်မည်ဆိုသော်လည်း ကိုယ့်ရာထူးက မန်နေဂျာဖြစ်နေ၍ ထိန်းရသိမ်းရမှာတွေ ရှိသေးသည်။ နောက်ပြီး ကုမ္ပဏီအထာတွေလည်း မသိသေးတာမို့ စည်းဘောင်အတွင်းက ဝတ်လာဖို့ပဲ ဆုံးဖြတ်လိုက်သည်။

ဒီနေ့လည်း ကုမ္ပဏီထဲတန်းမဝင်နိုင်ဘဲ ငါးထပ်တိုက်ကြီးကို ငေးရပြန်ပါသည်။ ဟိုးထိပ်ဆုံးထပ်မှာရှိသော အိမ်ပုံစံLogoလေးကို ကြည့်ရင်း လိုတရ လေကို တဝကြီးရှူသွင်းနေရသည်။ ပထမဆုံးနေ့မို့လားတော့ မသိပါ။ ဟိုဦးလေးကြီးပြောခဲ့သလို စိုးရိမ်စိတ်နဲ့ ဖိအားတွေ ဖြစ်ရပါသည်။ ဝတ်လာတာ အဆင်ပြေပါ့မလားကအစ ဘယ်လိုတွေကြုံရမလဲဆိုသည့်အဆုံး စိုးရိမ်စိတ်ဝင်မိသည်။

သို့သော် တစ်ဖက်ကလည်း သူ ပျော်သည်။ အလုပ်ကို ကျိန်းသေ ကြိုးစားလုပ်မည်။ ဘာမဆို အဆင်ပြေအောင် သင်ယူမည် စသော အတွေးများနှင့် နစ်မြုတ်နေရင်း သူ့မျက်နှာက တဖြည်းဖြည်းပြုံးလာသည်။ အပေါက်ဝကလုံခြုံရေးကို ဖြတ်သန်းကာ အထဲသို့ ဝင်သွားလိုက်သည်။ ဒီနေ့တော့ ကိုယ့်အာရုံနဲ့ကိုယ် မြောနေ၍ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိတော့ပါ။ မနေ့က အစ်မကြီးများ သူ တကယ်အလုပ်ရသွားလို့ ပျော်များပျော်နေမလား။ ဘယ်လိုဖြစ်နေမလဲ သူ မကြည့်လိုက်ရ။

ဓာတ်လှေကားသည် ပထမထပ်မှာပင် ရပ်တန့်သွားသည်။ ဒီအထပ်၏ ပုံပန်းသွင်ပြင်က မနေ့ကနှင့် မတူတော့ပေ။ အင်တာဗျူးဖြေရသည့် ဟောခန်းကြီးသည် အခုတော့ သော့ပိတ်ခံထားရကာ ကော်ရစ်တာတလျောက်၌ ရုံးတက်နေကြသော လူတွေ၏ အရိပ်အယောင်များကိုသာ မြင်နေရသည်။ လိုတရ ဘယ်ဆက်သွားရမည် မသိ။ Emailထဲမှာတော့ ၉နာရီအရောက် Agent Team၏ မန်နေဂျာရုံးခန်းဆီ အရောက်လာရန်ဖိတ်ထားတာဖြစ်သည်။ ထိုနေရာသည် ပထမထပ်မှာရှိသည်။ ဒီနှစ်ခုပဲ သူသိ၏။ အတိအကျတော့ သူ မသိ။

နောက်ဆုံးတော့ တဖြည်းဖြည်းလိုက်ကြည့်ရင်းနဲ့မှ Agent Teamဟု ရေးထိုးထားသော အခန်းတစ်ခန်းကို သူတွေ့ရသည်။ အခန်းတံခါးသည် ဘယ်သူမှမရှိသလို စေ့ပိတ်နေကာ တံခါးအပေါ်ရှိ စာတန်းသာ မရှိလျှင် စတိုခန်းလို့ ထင်ရလောက်သည်။ သူ မဝံ့မရဲနှင့်ပင် တံခါးခေါက်ကြည့်မိသေးသည်။ အခန်းထဲမှာက လူရှိသည့်ပုံမျိုးမပေါ်။ ဘာမှတုံ့ပြန်မလာဘဲ ပကတိတိတ်ဆိတ်နေသည်။

Love Like Heaven (Completed)Where stories live. Discover now