Episode 156

203 17 10
                                    

Uni

ပိုင်ဥာဏ်ကတော့ အေးစက်နာကျင်နေသည့် မျက်ဝန်းတွေနဲ့ကြည့်ကာ ခေါင်းသာတွင်တွင်ခါသည်။

"မဟုတ်ဘူး။ မင်းက ငါ့ကိုတမင်သက်သက် ထားခဲ့တာပဲ။ ငါတို့နှစ်ယောက် ဆက်ပြီး အဆင်ပြေနေလို့ရရဲ့သားနဲ့ မင်းက အဆင်မပြေချင်တာ"

ပိုင်ဥာဏ့်မျက်ဝန်းတွေက တလဲ့လဲ့ဖြစ်နေသည်။ ထိုကဲ့သို့ နာကျင်သည့်မျက်ဝန်းတွေကိုကြည့်နေရတာ လိုတလည်း နာကျင်ရသည်။ သူ ဖြစ်စေချင်တာ ဒီလိုမဟုတ်ပေ။ သူက ပိုင်ဥာဏ်ကို နာကျင်စေချင်ခဲ့တာမဟုတ်။ နာကျင်မှုဆိုတာတွေကို သူ ပိုင်ဥာဏ်ကို ပေးရက်တာမဟုတ်ပေ။ သူငယ်ချင်းအဖြစ်ပဲဆိုဆို ချစ်သူအဖြစ်ပဲဆိုဆို...

"မဟုတ်ပါဘူး ပိုင်ဥာဏ်ရာ အဲ့လိုမဟုတ်ရပါဘူး။ ငါ တကယ်ပြောတာပါ။ ငါ တကယ်ပြောတာ။ မင်းကို တမင် အဲ့လိုလုပ်တာ မဟုတ်ပါဘူး"

"အဲ့တာဆို ဘာလို့လဲ။ ဘာလို့ငါ့ကို မပြောခဲ့တာလဲ"

"အဲ့တာက ငါ..."

လိုတ၏ မျက်ရည်တွေဝဲနေသော မျက်ဝန်းများက တဖြည်းဖြည်းအောက်စိုက်ကျသွားသည်။ မျက်တောင်ကော့ကြီးတွေသည် တဖျတ်ဖျတ်ခတ်နေကာ အခက်တွေ့နေသည့်ပုံစံရှိသည်။ သူ... သူ ပိုင်ဥာဏ်ကို ချစ်မိလို့၊ အဲ့တာမဖြစ်နိုင်မှန်းသိလို့၊ သူ ထွက်ပြေးချင်လို့ပါဆိုတာ သူ ဘယ်လိုပြောရမှာလဲ။ သူက အဲ့တာကို ဘယ်လိုလုပ်ပြီး ပြောရမှာတဲ့လဲ။

"ငါက ဒီအတိုင်း မင်းငါ့ကို မယုံဘူးလို့ထင်ပြီး မပြောခဲ့တာပါ"

ပါးစပ်ထဲရှိရာ ယောင်ဝါးဝါးအဖြေတစ်ခုကို ပေးကာ ခေါင်းမော့လိုက်သည်။ ပိုင်ဥာဏ်သည် လိုတကိုကြည့်ပြီး ငြိမ်သက်နေသည်။ မျက်ဝန်းများက မျက်ရည်စများက ပြည့်လျှံနေကာ လေတစ်ချက်တိုက်လိုက်သည်နှင့် ကျတော့မယောင်ဖြစ်နေသည်။ လိုတ ခြေဖျားလက်ဖျားတွေ အေးစက်နေသည်။ သူ ပိုင်ဥာဏ် မျက်ရည်ကျတာ တစ်ခါမှမြင်ဖူးတာမဟုတ်။

"မင်းကို တမင် ထားခဲ့တာမဟုတ်ပါဘူး။ တကယ်ပါ"

လိုတက အသံကြည်ကြည်လေးနှင့် ခပ်တိုးတိုးချော့မော့သည်။ သတိလက်လွတ်နှင့် ပိုင်ဥာဏ့်အနားကို နီးကပ်သွားမိကာ ပိုင်ဥာဏ်၏ လက်မောင်းကြီးတွေကို ခပ်ဖွဖွဆုပ်ကိုင်သည်။

Love Like Heaven (Completed)Where stories live. Discover now