Uni
အင်္ကျီလက်မှ ကြယ်သီးကို စေ့တပ်လိုက်၏။ ထို့နောက် ငွေရောင်နာရီအား ဘယ်ဘက်လက်ပေါ်တွင် တင်လိုက်ကာ ချိတ်ကို စနစ်တကျချိတ်၏။ လက်ကောက်ဝတ်သည် သေးသွယ်သောကြောင့် နာရီက အနည်းငယ်ချောင်ချင်နေသေးသည်။ ရှည်လျား သွယ်လျသော လက်ချောင်းတို့သည် အင်္ကျီကြယ်သီးတန်းတလျှောက်ကိုဖြတ်၍ လည်ပင်းရှိ ကြယ်သီးပေါက်ဆီသို့ ရောက်သွားသည်။ ခုတင်ပေါ်မှ စိန်ပြာရောင်ကြယ်သီးလေးကို ကောက်ယူလိုက်၏။ ထို့နောက် ခပ်ဟဟဖြစ်နေသော လည်ကတုံးအင်္ကျီအပေါ်နားဆီသို့ ဖြည်းဖြည်းချင်းထိုးတပ်လိုက်သည်။ ပြီးပြည့်စုံသွားလေပြီ။
အောက်ကိုငုံ့ကြည့်လိုက်တော့ ယောလား ဘာလား သေချာခွဲမရသည့် ပုဆိုးကိုဆန့်ဆန့်ယန့်ယန့်တွေ့နိုင်သည်။ မေမေဝယ်ပေးခဲ့သော ပုဆိုးတွေမို့ သူလည်း နာမည်မသိပါ။ ဒါပေမဲ့ အဆင်ကတော့ အတော်လှသည်။ သူက နဂိုအသားဖြူသူမို့ ပို၍ ထင်းလင်းထွက်သွားသည့်နှယ်။
ဆံပင်အုပ်အုပ်တို့ကို တစ်ချက်ဖိသပ်လိုက်သည်။ အဖျားကွေးကော့နေသော ဆံပင်တို့က ခေါင်းတွင်ပြားကပ်စွာနေရာယူ၏။ အကွေးအလိပ်များကြောင့် အဖျားတွင်ဖုဖောင်းသွားကာ လိုတရပုံစံလေးက ပန်းပွင့်ပုံဦးထုတ်ဆောင်းထားသည့်နှယ်။ နှဖူးပြေပြေမှ ဆင်းလာရင်းဖြင့် မျက်ခုံးတန်းကွေးကွေးတို့က နေရာယူ၏။ ထို့နောက် မျက်ရစ်နှစ်ထပ်ရှိသော၊ မျက်တောင်ရှည်ရှည် ကာရံထားပါသော မျက်ဝန်းများ...
ခပ်စင်းစင်းနှာတံအောက်ရှိ ပါးလျလှသော နှုတ်ခမ်းလေးများက တွန့်ကော့သွားရ၏။ မှန်ထဲကို ကြည့်ရင်း သူ့ပုံရိပ်သူ သဘောကျမိတာတော့ အမှန်ပင်။ အသားဖြူဖြူ လိုတရ၏ ပုံစံအနေအထားက သန့်ပြန့်နေသည်။ ကိုယ်လုံးက ပိန်သည်လည်း မဟုတ်၊ ဝသည်လည်းမဟုတ်ဘဲ သူ့နေရာနှင့်သူ အချိုးအစားကျနစွာ တည်ရှိနေသောကြောင့် လည်ကတုံးနှင့် ပုဆိုးဝတ်ရာမှာ တစ်မျိုးကြီးဖြစ်မသွား။ ဖုဖောင်းရမည့်နေရာတွင် သာသာကလေးဖုဖောင်းနေကာ ပြည့်ပြည့်တင်းတင်းရှိနေပြီး သေးသွယ်ရမည့်နေရာများကျတော့လည်း သေးသွယ်နေပြန်သည်။ လိုတရ၏ ခန္ဓာကိုယ်အချိုးအစားက ညီညီမျှမျှရှိလှ၏။ ပုဆိုးကို တင်းခနဲနေအောင်စီးထားတာတောင် ကြည့်ရတာ တစ်မျိုးကြီးဖြစ်မသွားပေ။
VOUS LISEZ
Love Like Heaven (Completed)