Uni
နှစ်ယောက်သား တပူးပူးတတွဲတွဲနှင့် ကုမ္ပဏီထဲက ထွက်လာသည်အထိ လိုတမှာ စိတ်နဲ့ကိုယ်နဲ့ မကပ်နိုင်သေး။ ဖြူဖြူဆွတ်ဆွတ်မျက်နှာလေးမှာ နဂိုအသားအရောင်လိုမဟုတ်ဘဲ နီမြန်းလျက် နားရွက်ကားကားလေးနှစ်ဖက်မှာလည်း အဖျားစွန်းတွေ ရဲတက်နေသေးသည်။ ခြောက်ကပ်ကပ်နှင့် ချယ်ရီရင့်ရောင်ရှိတတ်သော နှုတ်ခမ်းပါးပါးတို့သည် အခုတော့ စိုစိုစွတ်စွတ်၊ နီနီရဲရဲ စတော်ဘယ်ရီသီးလေးနှင့် ပိုတူသွားသည်။ နောက်ပြီး နှုတ်ခမ်းထောင့်နားမှာရှိနေသည့်ကိုက်ရာတစ်ခု...
နီနေသည့် နှုတ်ခမ်းသားတွေထဲမှာတောင် ထိုနေရာက ပို၍ပို၍ နီရဲနေသည်မို့ အပြင်လူတွေကြည့်ရင်တောင်မှ သိသာလွန်းလှသည်။ ကိုက်ရာသည် စိတ်မရှည်လက်မရှည်နှင့် ဖိကိုက်ထားပုံရသည်။ ဒါမှမဟုတ်ရင်လည်း ပါးလျလွန်းသော နှုတ်ခမ်းလေးကို အသည်းတယားယားနှင့် ကိုက်ထားတာမျိုးလို။ လိုတက နဂိုကတည်းက စိတ်နဲ့ကိုယ်နဲ့ ကပ်မနေတော့ ကိုယ့်နှုတ်ခမ်း ဘာဖြစ်နေသလဲ ဆိုတာလည်း ပြန်သတိမထားနိုင်။
ပိုင်ဥာဏ်ကလည်း သတိမပေး။ သူကတော့ လိုတရက သူ့အပိုင်ဆိုတာ လူများများသိလေ ပျော်လေဖြစ်မည့် လူစားမျိုး။ ဒါကြောင့်မို့ လိုတ စိတ်လွင့်နေတာကိုလည်း သတိမပေးတော့ဘဲ လိုတ လက်ကောက်ဝတ်ကိုဆွဲကာသာ ကားပါကင်အထိ တောက်လျောက်ခေါ်သွားလိုက်တော့သည်။ ရုံးအောက်ထပ်က Call Centerဝန်ထမ်းလေးတွေကတော့ ပြူးတိပြူးကြောင်နှင့် ဟိုကြည့်ဒီကြည့်။
ကုမ္ပဏီရဲ့ အကြည်ဓာတ်လေး ပြန်လာတဲ့နေ့ဆိုလို့ သူတို့မှာ အလှတွေပြင်ပြီး ဂျာလေးရဲ့အလှတွေကို ရှုစားဖို့ ဒီကိုရောက်နေခဲ့တာလေ။ အခုတော့ မြင်ကွင်းက ဘာမှန်းမသိ။ ဂျာလေး ကုမ္ပဏီကို လာတုန်းက အဲ့ကိုက်ရာကြီး မပါတာ သေချာပါလျက် အခုထွက်သွားတော့ကျ ကိုက်ရာက မြင်လို့မကောင်းအောင် နီစွေးနေသည်။ နောက်ပြီး Landက ဒါရိုက်တာကလည်း ဂျာလေးလက်ကောက်ဝတ်ကို ပိုင်စိုးပိုင်နင်းနှင့် ဆွဲသွားလိုက်သေး။ ဂျာလေးပုံစံကတော့ စိတ်နဲ့လူနဲ့ကပ်ပုံမရ။ သူက ဒါရိုက်တာ ဆွဲခေါ်သွားသည့်တလျောက် အရုပ်ကလေးလို ပါသွားတာပင်။
YOU ARE READING
Love Like Heaven (Completed)