Uni
လိုတရနှင့် သက်လျာတို့အခန်းထဲဝင်လာချိန်တွင် အခန်းထဲမှာ လူရှင်းနေသည်။ အုတ်အခန်း၏ အေးမြသော ခံစားချက်ကို ရင်ဘတ်ကို လာဟပ်၏။ နေပူပူထဲမှ ဝင်လာချိန်တွင် အေးခနဲဖြစ်သွားသည်မို့ သဘောကျရသည်။ လိုတရပြုံးရင်း ပစ္စည်းတွေ စုပုံလျက်ရှိနေပါသော ခုံတစ်လုံးဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။ စာသင်ချိန်မစသေးလျှင် အခန်းထဲမဝင်သေးသော ကျောင်းသားကျောင်းသူတို့၏ Logicရ အတန်းထဲမှာ တစ်ယောက်မှ မရှိပါသော်လည်း ရွှေရင်သိမ့်၏ ခုံမှာတော့ ပစ္စည်းတွေ ပြည့်နှက်ပြီး ရှိနေပါသည်။
လိုတရ ထိုပစ္စည်းတွေကို တစ်ချက်ကိုင်ကြည့်သည်။ နှင်းဆီပန်းများ၊ ချောကလက်များ၊ တစ်သျှူးများ၊ ရေဘူးအသေးလေးတွေကစလို့ အချိုရည်ဘူးတွေပါ ပါသည်။ ဘောပင်လှလှကလေးများ၊ စာအိတ်လှလှဖြင့် ထည့်ထားသော စာစောင်များကလည်း စားပွဲခုံပေါ်တွင် ပြည့်နှက်၍နေသည်။ လိုတရ စိတ်ညစ်သွားပါ၏။ သိမ့်ကို လိုက်တဲ့လူတွေ ဒီလောက်တောင်များနေမှဖြင့် သူ တိုးပေါက်ဖို့မလွယ်ပါ။ သို့သော် သူ ယုံကြည်ချက်ရှိရပေမည်။ ကိစ္စတစ်ခုကို ယုံကြည်ချက်မရှိဘဲ လုပ်၍မရ။ သူ ကြားဖူးတာ တစ်ခုရှိသည်။ 'လူတွေက သူတို့ယုံကြည်သည့်အတိုင်း ဖြစ်လာကြသည်'ဟူ၍။
"အမလေး များလိုက်တာဟယ်"
သက်လျာက အနားကိုလာကြည့်ပြီး ညည်းညူပါ၏။ လိုတရ ခေါင်းမော့လိုက်ကာ တစ်ခုခုကို စဉ်းစားနေဟန်ရှိသည်။
"သက်လျာ"
"ဟေ"
"သူ ဒါတွေအကုန် ယူတယ်လား"
သက်လျာက စဉ်းစားသည်။
"သူ ဒါတွေယူမယူတော့ မသိပေမဲ့ တစ်ခုတော့ရှိတယ်ဟ။ ငါတို့ စာသင်ချိန်ကျရင် ဒီလိုအထုတ်ကြီးတစ်ထုတ် တီချယ်တွေခုံပေါ် ရောက်ရောက်နေတာ သတိထားမိလား"
"ဟင်"
လိုတရ ခေါင်းနားပမ်းကြီးသွားသည်။ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်သည်။ နေ့တိုင်း စာသင်ချိန်ရောက်လျှင် တီချယ်တွေခုံပေါ်၌ ထိုသို့သော ရောသမမွှေအထုတ်ကြီးတစ်ထုတ် ရောက်ရောက်နေတတ်သည်။ သူ အစကထင်တာတော့ သူတို့အတန်းပိုင်ကို ကြိုက်သည့်တစ်ယောက်ယောက်များ ပေးထားတာလားဟုပင်။ သို့သော် သေချာစဉ်းစားကြည့်ရရင် ထိုသို့ မဖြစ်တန်ရာ။
YOU ARE READING
Love Like Heaven (Completed)