Episode 118

172 18 7
                                    

Uni

(လိုတရေ ငါရောက်ပြီနော်)

ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရသည့်အသံကြောင့် လိုတ ဖုန်းကိုတောင်မချမိဘဲ အောက်ထပ်ကို ဆင်းပြေးမိသည်။ တံခါးကို အမြန်ပြန်ပိတ်။ ဓာတ်လှေကားဆီ အပြေးတစ်ပိုင်းသွားရင်း နှုတ်ခမ်းတွေက ပြုံးချိုနေခဲ့သည်။ ဒီနေ့မှ ၃မိနစ်စာ ဓာတ်လှေကားကလည်း ကြာလွန်းသည်။ ညကြီးမင်းကြီး ဓာတ်လှေကားစီးရတာတောင် အရင်လို သရဲတွေ့မှာ ဘာညာ လျှောက်တွေးမနေမိ။ တွေ့ရမည့် လူတစ်ယောက်ကိုသာ စဉ်းစားရင်း လိုတတစ်ယောက် တက်ကြွနေသည်။

ဓာတ်လှေကားမှအထွက် ဧည့်ကောင်တာမှာထိုင်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ အင်္ကျီလက်ရှည်နှင့် ပုဆိုးတစ်ထည်ကို ကျစ်ကျစ်လစ်လစ်ဝတ်ဆင်ထားသည်။ တပ်ထားသည့် မျက်မှန်အထူကြီးက မီးရောင်ကြောင့် ဝင်းလက်နေသည်။ ထိုမျက်မှန်အထူကြီးအောက်တွင် မှေးပြီးသားမျက်လုံးကိုမှ အိပ်ချင်စိတ်ဖြင့် ပိုမှေးကျနေသော မျက်ဝန်းတစ်စုံရှိ၏။

ဘယ်ဘက်လက်က အဆောင်လက်ပတ်ကြိုးနီက အသားဖြူဖြူပေါ်မှာ ထင်းနေသည်။ လိုတကို တွေ့သည့်အခါ ဝမ်းသာအားရ လက်ရမ်းပြလိုက်တော့ လက်ချောင်းပုပုလေးတွေက အထင်အရှား။

"လွင်ဟိန်း"

လိုတ မျက်ရည်ထွက်မတတ် ခေါ်ကာသာ ပြေးသွားလိုက်သည်။ လွင်ဟိန်းက အခုတလော အနည်းငယ် ပိန်ကျသွားသလိုပင်။ ကိုယ်ရေစစ်သွားသည်ဟုပဲ လိုတ သတ်မှတ်လိုက်သည်။ ဆံပင်တိုတို ရယ်ကျဲကျဲနှင့် လွင်ဟိန်းပုံစံက အရင်ကနဲ့တူတယ်လို့ ထင်ရပေမဲ့ လူပျိုရုပ်လေးတော့ ပေါက်လာပြီဖြစ်သည်။ အရပ်သည် ထပ်ရှည်လာသော်ငြား လိုတတို့ ခန့်မင်းကျော်တို့နှင့် ယှဉ်လျှင် ဂျပုလို့အခေါ်ခံရမည့် အနေအထားမှာပဲ ရှိသေးသည်။ ခြုံငုံကြည့်ရလျှင် လွင်ဂျပုဟာ သိသိသာသာ ပြောင်းလဲသွားတာမျိုး ဘာမှမရှိ။

"လာလာ အခန်းဆီ အရင်သွားကြစို့"

"အေးအေး"

နှစ်ယောက်သား ဓာတ်လှေကားမှတဆင့် အခန်းဆီ တက်လာခဲ့ကြသည်။ လွင်ဟိန်းက သူ့ကျောင်းကကိစ္စတချို့ကြောင့် ရန်ကုန် တက်လာတာဖြစ်သည်။ ရုံးချုပ်ကို စာလာပေးတာလို့လည်း သေချာရှင်းပြပေမဲ့ လိုတကတော့ သိပ်နားမလည်ပါ။ ဘာပဲဆိုဆို သူ့အိမ်မှာလာတည်းတာကိုတောင် လိုတက ကျေးဇူးတင်နေမိသေးသည်။ မဟုတ်ရင် သူ့ဘဝကြီးက နေ့စဉ်နေ့တိုင်း ပျင်းစရာကောင်းနေမှာ အမှန်ပင်။

Love Like Heaven (Completed)Where stories live. Discover now