Episode 197

296 22 15
                                    

Uni

"ဘယ်လိုဖြစ်တာလဲ"

လိုတက ပိုင်ဥာဏ့်ရင်ခွင်ထဲမှာ လဲလျောင်းနေသည်။ သူ့မျက်လုံးတွေက အသက်မဲ့နေသကဲ့သို့ရှိပေမဲ့ မိုးရွာလိုက်လို့ထွက်လာသည့် မြေသင်းနံ့လေးလို နှစ်လိုဖွယ်ကောင်းစွာ စိုစွတ်နေသည်။ ပိုင်ဥာဏ်က ပျော့ခွေနေသည့် လိုတအား ရင်ခွင်ထဲထည့်ဖက်ထားသည့်အနေအထားဖြစ်ပြီး လိုတကတော့ ပိုင်ဥာဏ့်ရင်ဘတ်ကို နောက်ကျောမှီရင်း ပျော့ခွေစွာ လဲလျောင်းနေသည်။

"နည်းနည်းပြဿနာတက်သွားလို့"

ပိုင်ဥာဏ်က လိုတ၏မေးခွန်းကို နားလည်စွာပြန်ဖြေလာသည်။ လိုတက သူ့လည်တိုင်ကျော့ကျော့တွေကိုလှည့်ရင်း သူ့အနောက်ကလူကို လှည့်ကြည့်လာသည်။ ရေတွေစိုစွတ်နေပြီး ဆံပင်တွေကအစ စိုရွှဲနေသော ပိုင်ဥာဏ့်မျက်နှာက သူ့မျက်လုံးတွေကို ရီဝေသွားအောင် ပြုစားနိုင်သည်။

"ငါ အကုန်ပြောပြပါ့မယ် ခဏလေး ငြိမ်ငြိမ်လေးနေပါဦး"

ပိုင်ဥာဏ်က လိုတ၏ခန္ဓာကိုယ်လေးကို ဖက်မဝသလိုမျိုး ခပ်တင်းတင်းဖက်ထားသည်။ သူတို့နှစ်ယောက်စလုံးက ကြမ်းပြင်ပေါ်မှာ ဒီတိုင်းထိုင်နေကြတာဖြစ်ပြီး ဘယ်သူကမှလည်း ထသွားဖို့စိတ်ကူးမရှိကြ။ ပိုင်ဥာဏ်က အနောက်ဘက်ကနေ လိုတအား စုကျုံးဖက်ထားရင်း ဂုတ်ပိုးလေးကို မွတ်သိပ်စွာနမ်းရှိုက်သည်။ ပျံ့နှံ့လာသည့် ကိုယ်သင်းရနံ့လေးက သူ၏ ရက်ပေါင်းများစွာ ဖျားနာမှုကို ပျောက်သွားစေသည်။ သူလိုတကို အလွတ်မပေးချင်။

"မင်းရေတွေစိုနေတာ"

"မင်းချမ်းလို့လား"

ပိုင်ဥာဏ်က သူ့အင်္ကျီအစိုတွေတောင် မလဲရသေးပေ။ နှစ်ယောက်သားက ဒီအတိုင်း အဝတ်စိုကြီးနဲ့လုံးထွေးဖက်ထားကြတာပဲဖြစ်သည်။ လိုတ ချမ်းနေတာမဟုတ်ရင် ပိုင်ဥာဏ်က အဝတ်လဲဖို့စိတ်ကူးမရှိသည့်အတိုင်း။

"မချမ်းပါဘူး။ မင်းဖျားမှာပေါ့"

"ငါ မဖျားပါဘူး"

ပိုင်ဥာဏ်က တစ်လက်မမှ မခွဲခွာချင်သည့်ပုံမျိုးဖြင့် လိုတကို တောက်တဲ့လိုမျိုး ဖက်တွယ်ထားသည်။ လိုတကတော့ သက်ပြင်းဖွဖွချရင်းဖြင့်သာ ပိုင်ဥာဏ်၏စိုစွတ်နေသော ရင်ခွင်ကို စိတ်ချလက်ချမှီသည်။ တစ်ခုခုက ပျောက်ဆုံးသွားသည်။ ပြီးနောက် သူပြန်ရောက်လာသည်။ လိုတ ဒီအချိန်မှာ ကျေနပ်နေသည်။ ဒီအနေအထားလေးနဲ့ပဲ သူ ဆက်ပြီးနေလိုက်ချင်တော့သည်။

Love Like Heaven (Completed)Where stories live. Discover now