Episode 123

164 15 20
                                    

Uni

နေ့လယ်တုန်းက မိုးရွာထားသဖြင့် မြို့ထဲရှိလမ်းများအားလုံး စိုစိစိဖြစ်နေကြသည်။ မိုးတိမ်မည်းများက အုံ့ဆိုင်းနေဆဲမို့ လမ်းမပေါ်ရှိလူများက ထီးလေးတကိုင်ကိုင်ဖြင့်။ Surpriseတိုက်လွန်းသော မိုး၏ ဒဏ်ကို သူတို့လည်း အထာနပ်နေကြသည့်ပုံပင်။

လေထုထဲ၌ စိုထိုင်းသော အငွေ့အသက်များက ပျံ့နှံ့နေသည်။ မြေကြီးမှ မြေသင်းရနံ့နှင့် ပတ်ဝန်းကျင်မှ တိုက်ခတ်လာသော လေအဟုန်က တော်တော်လေး အေးမြသည့်ခံစားချက်ကိုပေးသည်။ လိုတသည် သဘောတကျရယ်လိုက်ကာ ကုန်းအဆင်းသို့ စက်ဘီးနှင့်လျှောဆင်းလိုက်သည်။ စက်ဘီးဘီးသည် ကတ္တရာလမ်းကို တစ်ခုချင်း ဖိကြိတ်သွားကာ လိုတ၏ ဆံပင်အုပ်အုပ်များကို လွင့်ခနဲ လွင့်ခနဲ ဖြစ်သွားစေသည်။

သီတင်းကျွတ်လသည် မိုးအကုန် ဆောင်းအကူးကာလဖြစ်သော်လည်း မိုးက ဒီရပ်ဝန်းမှ ခွာချင်ဟန်မတူသေး။ ပေတိပေကပ်နှင့်ပင် ဇွတ်မှိတ်ရွာနေတတ်သည်။ သူတို့အဖြစ်က သီတင်းကျွတ်လပြည့်ညတောင်မှ မိုးလေလွတ်ပါ့မလား မသိ။ တခြားတော့ ကိစ္စမရှိပေမဲ့ လပြည့်ည မိုးရွာရင်တော့ အတော်ဒုက္ခများသည်။ ဆီမီးပူဇော်လို့မရ၊ ဘုရားသွားလို့မရနှင့် စိုစိစိဖြစ်ကာ အတော် ကသီလင်တနိုင်သည်။ ထို့ကြောင့် ဒီရက်ပိုင်း ဘယ်လောက်မိုးရွာရွာ လပြည့်ညလေးကိုတော့ မရွာဖို့ မျှော်လင့်မိသည်သာ။

စက်ဘီးကို ကတ္တရာလမ်းမကြီးတလျောက် လှိမ့်ဆင်းသွားပြီးနောက် အိမ်များနှင့် သစ်ပင်များကို တဖြည်းဖြည်းဖြတ်ကျော်လာကာ ဆိုင်တစ်ခုရှေ့၌ ထိုးရပ်လိုက်သည်။

ဆိုင်လေးသည် အိမ်ဆိုင်ပင်ဖြစ်သည်။ ခပ်သေးသေးဟု ဆိုလို့မရသောကြောင့် အလတ်စားဟု သတ်မှတ်ရမည်။ အထဲမှာတော့ ဓာတ်ပုံနှင့်ပတ်သတ်သည့် သူ ဘာမှန်းမသိသော စက်ကြီးများဖြင့် ရှုပ်ပွနေသည်။ မိုးအုံ့သည့် ညနေခင်းပေမို့ ဆိုင်မှာ လူတော့ရှင်းသည်။ လှပခန့်ညားသော ဆိုင်းဘုတ်ဆီ တစ်ချက်ကြည့်ပြီးနောက် လိုတ အိမ်ထဲဆီ ဝင်ခဲ့လိုက်သည်။

"ဟျောင့် ခန့်မင်းကျော်"

ကွန်ပျူတာရှေ့တွင်ထိုင်ကာ ဓာတ်ပုံတစ်ခုကို Editလုပ်နေသော ခန့်မင်းကျော်က လိုတ ဝင်လာတာကို မသိ။ ထို့ကြောင့် အနားသို့ ချဉ်းကပ်သွားကာ ပုခုံးကိုတို့တော့ အလန့်တကြား ထခုန်သည်။

Love Like Heaven (Completed)Where stories live. Discover now