Episode 91

150 18 3
                                    

Uni

ဖုန်းမြည်လာသည်မို့ ဖတ်လက်စဝတ္ထုစာအုပ်ကိုချရင်း ဖုန်းကို ကောက်ကိုင်လိုက်ရသည်။ လက်ချောင်းသွယ်သွယ်များက ဖုန်းမျက်နှာပြင်ပေါ် ဖြတ်သန်းပြီးချိန်၌ ဖုန်း၏ဟိုတစ်ဖက်က အလောတကြီးအသံတစ်ခု ထွက်လာသည်။

(လိုတ မင်းဒီနေ့ ဘယ်လိုလဲ။ အဆင်ပြေရဲ့လား)

ခန့်မင်းကျော်၏ လောကွတ်စကားကြောင့် လိုတ၏ နှုတ်ခမ်းပါးလေးများက ပြုံးယောင်သမ်းသွားသည်။ မူးလဲသည့်နေ့ပြီးကတည်းက ခန့်မင်းကျော်က သူ့ဆီသို့ နေ့တိုင်းဖုန်းဆက်ကာ 'ဒီနေ့ဘယ်လိုလဲ'ဟု မေးတတ်သည်။ သက်လျာဆိုတာကလည်း သူ့ကို အစားစားဖြစ်အောင် ဟင်းတွေစွတ်ထည့်ပေး၊ အားဆေးတွေဝယ်လာနှင့် စုံတွဲနှစ်ယောက်စလုံးက အလွန့်အလွန် တာဝန်ကျေနေကြသည်ပင်။

"ကောင်းပါတယ် ခန့်မင်းရာ။ မင်းရော ဘယ်လိုနေလဲ"

(ဟီးဟီး ငါကကောင်းတာပေါ့။ ငါ့အသက်လေးရှိတာပဲဟာ)

ဤသည်ကလည်း လိုတရပြန်မေးလိုက်တိုင်း ခန့်မင်းကျော် ပြန်ဖြေနေကျစကားပင်။ သို့သော် ဒီနေ့ ခန့်မင်းကျော်အသံက ထူးထူးခြားခြား တက်ကြွနိုးကြားနေသည်။ အလွန့်အလွန်ပျော်ရွှင်နေဟန်ကြီးဖြင့် မိုးပေါ်မြောက်သွားတော့မလို လေသံကြီးက လိုတရကို သံသယဖြစ်စေသည်။

"ဟျောင့် မင်း တစ်ခုခုဖြစ်နေတယ်မလား။ ထီပေါက်လို့လား"

(မင်းကြီးတော်ကြီးကို ထီပေါက်ရမလား ဟေ့ကောင်ရ။ ဒီနေ့ ဘာနေ့လဲ မင်းသိလား)

ခန့်မင်းကျော်စကားကြောင့် လိုတရ အနည်းငယ်စဉ်းစားလိုက်သည်။

"ဘာနေ့လဲ မင်းအဖေ သင်္ဘောတက်တာက ပြန်လာမဲ့နေ့လား"

(ဟား ပြဿနာပဲ လိုတရေ။ မင်း နေမကောင်းဖြစ်ပြီးတာနဲ့ ဥာဏ်တွေ တုံးတုံးလာသလိုပဲနော်)

"ဘာ? ဘာပြောတယ်?"

လိုတရက ခပ်ဆတ်ဆတ်ပြန်မေးတော့ ခန့်မင်းကျော်က တဟီးဟီးနှင့်

(ငါပြောချင်တာ အဲ့လိုသဘောမဟုတ်ပါဘူးကွာ။ မင်းက မေ့တတ်လာတယ်လို့။ ကဲပါ။ ငါပဲပြောပြလိုက်ပါ့မယ် ဒီနေ့က သက်လျာမွေးနေ့လေ)

Love Like Heaven (Completed)Where stories live. Discover now