Episode 52

170 19 4
                                    

Uni

သူ အခန်းတံခါးကို ဖွင့်ဝင်ရင်း ကုတင်ပေါ် ထိုင်ချလိုက်သည်။ ကျောင်းပြန်ဖွင့်တော့မည်ဆိုသော ခံစားချက်နှင့်အတူ ထိုသူနှင့်ပြန်တွေ့ရတော့မည်ဟူသော အသိက ရင်ဘတ်အတွင်း၌ စည်တီးနေသလိုပင် ခံစားရစေသည်။ သူ ဘယ်လိုထုတ်ဖော်ပြောရမည် မသိပေမဲ့ သူ့နှလုံးသားတစ်ခုလုံးက လေပေါ်မြောက်နေသလို ခံစားရတာတော့ သေချာသည်။ အမေက သူ့စကားသူ တည်ပါသည်။ ရန်ကုန်ထိလိုက်လာခဲ့ပြီး အိမ်ရှင်အန်တီတို့ကို လက်ဆောင်တွေပေးကာ အဖေနှင့်ပြန်ပါသွားပြီဖြစ်သည်။ သူကသာ ပိုင်ဥာဏ့်ကုတင်ပေါ်မှာ တစ်ယောက်တည်း...

မီးမဖွင့်ရသေးသည်မို့ မှောင်နေသော အခန်းလေးကို ငေးနေမိသည်။ ဘာကို ငေးနေမိမှန်း မရေရာပေမဲ့ စိတ်ကတော့ ပိုင်ဥာဏ့်ဆီပဲရောက်နေသည်။ အနည်းငယ်ရှက်စရာကောင်းပေမဲ့ လွမ်းသည်ဟူသော စကားကိုပင် သူ သုံးချင်ပါသည်။ ကျောင်းပိတ်ရက်တွေဟာလည်း ပိုင်ဥာဏ့်အကြောင်းတွေးလိုက်ရင် ရှည်ကြာလွန်းလှသည်။ မပြီးဆုံးနိုင်သော ပိတ်ရက်တွေကို ဖြတ်ကျော်ရင်း ဒီနေ့ရက်လေးဆီ ပင်ပန်းတကြီးကူးခတ်လာရပါသည်ဟုပြောလျှင် စက္ကန့်တံတွေက ရယ်လိမ့်မည်။ နေ့ရက်တို့သည် သူ့ပုံမှန်အတိုင်းပင်။ လူတွေသာ ကြာသည် နှေးသည်နှင့် အမျိုးမျိုးပြောင်းလဲသတ်မှတ်နေကြသည် မဟုတ်ပါလား။

မျက်လုံးတို့သည် သူ့ကိုယ်ပိုင်ခုတင်ဆီသို့ ဝေ့ကြည့်မိသွားသည်။ အခင်းခြင်ထောင်တို့ စနစ်တကျခင်းပြီးသားမို့ သူ့မှာ လုပ်စရာဘာမှ မရှိ။ ပိုင်ဥာဏ်ရော ဒီညနေပဲရောက်လိမ့်မလားဟု သူတွေးသည်။ မနက်ဖြန်ကျောင်းဖွင့်မှာမို့ ပိုင်ဥာဏ် ဒီအချိန်ရောက်လာသင့်တာတော့ သေချာသည်။ ပိုင်ဥာဏ် အင်္ကျီဘာအရောင်ဝတ်လာလေမလဲဟု သူတွေးသည်။ သူကတော့ ခါတိုင်းလိုပင် လိမ္မော်ရောင် တီရှပ်လက်ရှည်တစ်ထည်နှင့် ဂျင်းဘောင်းဘီအတိုကို ထူးမခြားနားစွာ ဝတ်ဆင်ထားသည်။ ပိုင်ဥာဏ်လည်း လိမ္မော်ရောင်ကလေး ဝတ်ခဲ့လျှင် ကောင်းလိမ့်မည်။ နေလုံးကြီးတွေ ပျောက်ကွယ်မသွားခင်မှာ ထွက်ပေါ်လာတတ်သည့် ဆည်းဆာရောင်မို့ သူ သဘောတကျပြုံးမိမှာ အသေအချာပင်။ အမှန်တော့ ပိုင်ဥာဏ်ဝတ်လာသည့် အရောင်တိုင်းကို သူကြိုက်နှစ်သက်မှာဖြစ်သည်။

Love Like Heaven (Completed)Where stories live. Discover now