Episode 53

172 19 2
                                    

Uni

မနက်၆နာရီထိုးသည်နှင့် ကျင့်သားရနေသော မျက်ဝန်းတို့က ဖျတ်ခနဲပွင့်လာသည်။ ပြန်အိပ်လို့မရတော့မှာလည်း သေချာနေသည်မို့ လိုတရ အိပ်ရာပေါ်တွင်လူးလှိမ့်နေမည့်အစား အိပ်ရာပေါ်မှ ကုန်းရုန်းထလိုက်ရသည်။ ထို့နောက် ခုတင်ခေါင်းရင်းတွင် အသင့်ယူတင်ထားသော ရေဘူးကိုယူကာ တစ်ကျိုက်လောက်သောက်ပစ်လိုက်၏။ အိပ်ချင်စိတ်မပြယ်သေးသော်လည်း လူက အနည်းငယ်လန်းဆန်းလာသည်။ စောင်မှဖယ်ခွာရင်း ခြင်ထောင်ထဲကထွက်လိုက်တော့ အမွှေးရေးရေးတွေထင်နေသည့် ခြေသလုံးဖြူဖြူက ထင်းခနဲပေါ်လာသည်။ လိုတရ ခြေသလုံးတွေက အမွှေးရေးရေးလေးတွေပဲရှိကာ သွေးကြောစိမ်းစိမ်းတွေ ပေါ်နေတတ်သည်။

အမွှေးအကြောင်းပြောရရင် လိုတရက အမွှေးအားနည်းတယ်လို့ပဲ ပြောရမလား မသိ။ လူကြည့်လိုက်ရင် နှုတ်ခမ်းမွှေးကလည်း တို့စိတို့စိ၊ မုတ်ဆိတ်မွှေးဆိုတာဝေးလို့ ချိုင်းမွှေးတောင် ရိတ်ရလောက်အောင်မရှိ။ ပလူမွှေးပလူတောင်လောက်သာရှိ၍ အရိတ်ရသက်သာသည်။ တော်သေးသည်က ဆံပင်တော့ ကောင်းကောင်းမွန်မွန်ပေါက်လာခြင်းဖြစ်သည်။ တော်ကြာ ထိပ်ပြောင်နေလို့ မဖြစ်။

လည်ပင်ညှပ်ရိုးဆီမှ ယားယံနေ၍ အင်္ကျီထဲလက်ဝင်ကာ ပွတ်သပ်လိုက်တော့ တီရှပ်လက်ရှည်က ပုခုံးအထိနိမ့်ဆင်းသွားကာ လိပ်ပြာတောင်ပံညှပ်ရိုးတွေက ရင်သပ်ရှုမောစရာထွက်ပေါ်လာသည်။ ဘောင်းဘီတိုတိုဝတ်ထားသည့် လိုတက မနက်ခင်း၏ အအေးဓာတ်ကိုလည်း နေသားကျနေပြီဖြစ်သည်။ တဘက်တစ်ထည်ကို ယူရင်း အိပ်ချင်မူးတူးဆင်းသွားတော့ အန်တီကေသွယ်နဲ့ အန်တီနိုးနိုးတောင် မီးဖိုဆောင်ဘက်ရောက်နေလေပြီ။ အပျိုကြီးနှစ်ယောက်က ဒီလိုပဲ ဝီရိယကောင်းကြသည်။

မနက်ခင်းလေအေးအေးမှာ မျက်နှာသစ်၊ သွားတိုက်ရင်း ပတ်ဝန်းကျင်ကို နားစွင့်မိသည်။ ဘယ်တော့မှ တိတ်ဆိတ်မနေတတ်သည့် ရန်ကုန်ပတ်ဝန်းကျင်သည် ယခုလည်း ကျွတ်စီကျွတ်စီညံနေပါ၏။ တကျွတ်ကျွတ်လုပ်နေကြသော ခိုလား၊ စာကလေးလားမသိသည့် ငှက်သံကို နားထောင်ရင်း လိုတရ အားရှိပါးရှိသမ်းဝေမိသည်။ မနက်စာ ရေချိုးဖို့ စိတ်ကူးမရှိ။ သူ့အဖို့က တစ်နေ့ရေတစ်ခါချိုးရင် လုံလောက်တာမျိုး။

Love Like Heaven (Completed)Where stories live. Discover now