Uni
ရက်အတန်ကြာပိတ်ထားခဲ့ရသည့် တံခါးက ကျွီခနဲအသံမြည်ကာ ပွင့်လာသည်။ လိုတသည် ပင်ပန်းနေသော မျက်နှာထားနှင့် အိမ်ထဲကိုလျှောက်ဝင်သည်။ လေးလံလှသောအိတ်ကြီးကို ဧည့်ခန်းစားပွဲဆီပစ်တင်ပြီးချိန် နောက်လှည့်ကြည့်တော့ ပိုင်ဥာဏ်ကို မြင်ရသည်။ လိုတ မျက်မှောင်ကျုံ့လိုက်မိသည်။ အနည်းဆုံးတော့ ရန်ကုန်ပြန်ရောက်ရင် ပိုင်ဥာဏ့်လက်ထဲက လွတ်တော့မည်ဟု တွေးမိခဲ့တာဖြစ်သည်။ ဒါပေမဲ့ ပိုင်ဥာဏ်ကိုကြည့်ရတာ သူ့ကိုလွှတ်ပေးချင်နေသည့်ပုံမပေါ်။
"ဘာဖြစ်လို့ ဝင်လာတာလဲ ကိုယ့်အခန်းကိုယ်မပြန်ဘူးလား"
လိုတက မျက်မှောင်ကျုံ့ထားသည်။ တိုက်ခန်းဆီတစ်ပတ်လှည့်ကြည့်လိုက်ပြီး ချာချီ့ကို သတိရသွားတော့ သူ့မျက်နှာအမူအရာက ပိုဆိုးသွားလေသည်။
"ပိုင်ဥာဏ် မင်း ချာချီကို ထားခဲ့တာလား"
ပိုင်ဥာဏ်က ကြောင်ကိုအရေးလုပ်မေးနေသော လိုတကြောင့် နှုတ်ခမ်းကိုရွဲ့လိုက်သည်။ လိုတက ကားပေါ်မှာ တလျောက်လုံး အိပ်လာတာမို့ ပိုင်ဥာဏ့်ပေါင်တွေက သစ်သားတုံးလို့ထင်ရလောက်အောင် တောင့်တင်းနေပြီဖြစ်သည်။ ဒါတောင် သူ့ကိုအရင်မမေးဘဲ ဘာတဲ့? ချာချီ? ပိုင်ဥာဏ် စားပွဲမှာဝင်ထိုင်လိုက်ရင်း ချာချီဆိုသည့် ဝတုတ်ကို ချက်စားပစ်ချင်သလိုတောင် ခံစားလာရသည်။
"အန်တီက ပျင်းလို့တဲ့။ အဲ့တာကြောင့် ချာချီ့ကိုထားခဲ့တာ။ နောက်တစ်ရက်နှစ်ရက်ကျ ပြန်လာပို့လိမ့်မယ်"
ပိုင်ဥာဏ်က စိတ်မကြည်တော့ဘူးဆိုပေမဲ့ လိုတမေးခွန်းကိုတော့ ပြီးအောင်ဖြေပေးလိုက်သေးသည်။ သူ့စိတ်ထဲမှာတော့ ချာချီ့မေးခွန်းကို ဖြေပေးပြီးရင် သူ့အတွက်မေးခွန်းရောက်လာမည်ဟု ထင်နေသည့်ပုံပင်။ လိုတက တကယ်လည်း ပိုင်ဥာဏ်ကို ဆက်မေးပါသည်။
"အဲ့တော့ မင်းက ချာချီကို ဒီတိုင်းကြီးထားခဲ့တာပေါ့လေ။ ကိုယ့်ကြောင်ကို ဘယ်လိုလုပ်ပြီး အဲ့လိုထားခဲ့နိုင်တာလဲ သူ သူစိမ်းတွေကြားမှာ ကြောက်နေမှာပေါ့"
ပိုင်ဥာဏ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ချာချီဆိုသည့်ငနဲကဖြင့် နွားနို့လေးတိုက်လိုက်ရင် ဘယ်သူ့လက်ပေါ်ဖြစ်ဖြစ် ငြိမ်နေတတ်တာကိုများ လူစိမ်းကြောက်မယ်လို့ လိုတ ဘယ်ဦးနှောက်နဲ့တွေးသလဲမသိ။ ဒါကိုလည်း ပိုင်ဥာဏ်က ဆက်ရှင်းပြမနေချင်တော့ပေ။ သူ့အတွက်ဂရုတစိုက် မေးမလာမချင်း သူ့စိတ်တွေက ကြည်လင်နေမှာမဟုတ်။
VOCÊ ESTÁ LENDO
Love Like Heaven (Completed)