Uni
ဒီနေ့ ခန့်မင်းကျော် ဂဏှာမငြိမ်ဖြစ်နေသည်။ ကျောင်းက ပြန်လာသည်နှင့် လွယ်အိတ်ကို ချွတ်ကာ ရေတောင်မချိုးနိုင်တော့ဘဲ ဖုန်းကိုကြည့်၍ ထိုင်လိုက်ထလိုက်နှင့်။ ဘယ်လောက်စိတ်လှုပ်ရှားနေသည်တော့ မသိပေမဲ့ ဘေးကကြည့်နေသည့် ဇော်မြတ်ကတော့ တော်တော်လေး အမြင်ကပ်နေပြီဖြစ်တာမို့ တစ်ချက်အော်လိုက်ရသေးသည်။
ခန့်မင်းကျော်ကတော့ ဒေါသထွက်ဖို့လည်းမအား၊ ခါတိုင်းလို စပ်ဖြီးဖြီးနေဖို့လည်း မအား၊ ဖုန်းကိုကိုင်လိုက် ချလိုက်နှင့် လက်တုန်နေရသည်။ လိုတရ ပြောတာလည်း မှန်သားပဲဟုတွေးမိသည်။ ရည်းစားစကားကို အသာထားပါဦး။ Messengerက စာလေးပို့ဖို့တောင် လက်တုန်နေရသည်။ ဒီလိုပို့လိုက်လျှင်လည်း ရိုင်းသည်ဟု ထင်မှာစိုးသည်။ ဟိုလိုပို့လိုက်လျှင်လည်း အနှောက်အယှက်ဖြစ်သွားမှာ ကြောက်သည်။ တကယ်တမ်းပြောရရင် သူ ဘယ်ကဘယ်လို စပို့ရမှန်းကို မသိ။
သူ့ညီမလေးသည် တကယ်ပင် ဝတ္ထုဖတ်ရတာ ဝါသနာပါပေသည်။ ညီမလေး၏ အကောင့်ထဲတွင်လည်း သူများမိန်းကလေးတွေလို ပုံတင်တဲ့ပိုစ်ထက် စာအုပ်ပုံတွေရိုက်တင်ကာ သူ၏သုံးသပ်ချက်များကို တဝကြီးရေးထားသော ပိုစ်များသာ များပြားသည်။ တစ်ခါတလေ ဒေါသထွက်သည်။ တစ်ခါတလေ ရယ်သည်။ တစ်ခါတလေ ငိုသည်။ မည်သို့ပင်ဖြစ်စေ ညီမလေး၏ ရသစုံပိုစ်များသည် ခန့်မင်းအတွက်တော့ ဖတ်ကောင်းသည်ပင်။
လိုတရလည်း နှုတ်တိုက်သင်ပေးလိုက်ပြီးပြီမို့ သူ့အဖို့မှာ စပြီးပို့လိုက်ဖို့သာ ကျန်တော့သည်။ ဒါလည်း သူ့မှာ ခြေတုန်လက်တုန်ဖြင့် ကောင်းကောင်းပြီးတယ်လို့ရယ်မရှိ။
"မင်း ဘာလုပ်နေတာလဲ"
ဇော်မြတ်က မနေနိုင်သဖြင့် ထအော်ပြန်သည်။ နားကြပ်ကြိုးကို လည်ပင်းမှာပတ်ကာ ကြိုးတစ်ဖက်ကို စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် တတိတိကိုက်နေသော ခန့်မင်းကျော်က ခေါင်းထောင်လာသည်။
"ငါ... ကောင်မလေးကို စာပို့မလို့"
ပြောရမှာ အသံတွေတောင်တုန်သည်။ တံတွေးပါမျိုချလိုက်သေး၏။ ခန့်မင်းကျော် ဆယ်တန်းစာမေးပွဲဖြေတုန်းကတောင် ဒီလောက်မတုန်လှုပ်ပါ။ ဇော်မြတ် တွေးရင်းဖြင့် မျက်မှောင်ကျုံ့သွား၏။
YOU ARE READING
Love Like Heaven (Completed)