Uni
"ငါတော့ ရင်ခုန်နေတယ်ဟေး"
ကားအတက်အဆင်း လူသံတွေဆူညံနေသည့်ကြားမှပင် လိုတရ၏ အော်သံက ကျယ်ကျယ်လောင်လောင်။ ခန့်မင်းကျော်က ပြောဖို့ပါးစပ်ပြင်လိုက်ပေမဲ့ ပြန်ပိတ်လိုက်၏။ လိုတရ ဒီနေ့ကို ဘယ်လောက်စောင့်နေခဲ့ရမှန်း သူတို့အသိဆုံးဖြစ်သည်။ အခုလည်း ထိုင်ခုံပေါ်ကျထားပြီးသားဖင်ကို ငြိမ်ငြိမ်မနေဘဲ ဟိုကြွဒီကြွ။
"ဟာ... ဇော်မြတ်က ဘယ်လိုလုပ်တစ်ယောက်တည်းဖြစ်နေတာလဲ"
ပြောပြောဆိုဆို လိုတရ ထရပ်လိုက်တော့ ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီအဖြူကို တွဲဖက်ဝတ်ဆင်ထားသော Fashionက ကားပေါ်မှာ ထင်းခနဲဖြစ်သွားကာ လူအတော်များများ၏ မျက်လုံးတွေက ဖြူစင်ရှင်းသန့်နေသော လိုတရဆီ စုပြုံကျရောက်လာ၏။ လိုတရကတော့ ဘယ်မျက်လုံးကိုမှ ဂရုစိုက်မနေပါ။ ကားက ယောကျ်ားလေးသီးသန့်ပေမို့ ဂရုမစိုက်တာ ဖြစ်လိမ့်မည်။
"ထထ ဇော်မြတ် ငါ့နေရာမှာ သွားထိုင်"
"ဟာ ရပါတယ် ငါဒီမှာပဲ..."
"ဘာ ဒီမှာပဲလဲ။ မင်းတစ်ယောက်တည်းခွဲထွက်နေတာ တော်တော်များနေပြီ။ လျှာမရှည်နဲ့။ သွား။ ငါ ဒီမှာပဲထိုင်လိုက်မယ်"
လိုတရက တစ်ယောက်တည်း စီမံခန့်ခွဲရင်း ဇော်မြတ်ကို အတင်းဆွဲထူကာ သူက ဇော်မြတ်နေရာမှာ ဝင်ထိုင်သည်။ ကျောင်းက High-wayကားကြီး ငှားပေးထားတာမို့ တစ်ခုံတန်းကိုနှစ်ယောက်နှုန်းနဲ့ နေရာယူကြတာဖြစ်သည်။ သူတို့အဖွဲ့က ငါးယောက်ဖြစ်နေလေတော့ ပိုင်ဥာဏ်နဲ့ ခန့်မင်းကျော်က အတူတူထိုင်ကာ လိုတရနဲ့ လွင်ဟိန်းက အတူတူထိုင်တာဖြစ်သည်။ ဇော်မြတ်ကျတော့ ဘေးခုံတန်းမှာ အခြားလူတစ်ယောက်နှင့် ထိုင်နေသည်။ ဒါကြောင့်မို့ လိုတရက အတင်းဆွဲလွဲကာ ဇော်မြတ်ကို လွင်ဟိန်းဘေးသို့ ပို့လိုက်တာဖြစ်သည်။ လိုတရ ကိုယ်တိုင်က ဘယ်မှာထိုင်ထိုင် ကိစ္စမရှိပေမဲ့ ဇော်မြတ်ကိုတော့ အရင်လို သူတို့နဲ့ ရင်းနှီးလာစေချင်သည်။ သူ့ရည်ရွယ်ချက်က ဒါပင်။
ဇော်မြတ်ကတော့ လွင်ဟိန်းဘေးမှာ ထိုင်မချခင် ရှပ်အဖြူခပ်ပွပွဝတ်ထားသော လွင်ဟိန်းကို ငုံ့ကြည့်သေး၏။ လွင်ဟိန်းကလည်း မျက်မှန်ပြူးပြူးကြီးနှင့် ပြန်မော့ကြည့်သည်။ ရုတ်တရက် ဘာပြောရမှန်းမသိ။ ဇော်မြတ်က လွင်ဟိန်းဘေးမှာ ထိုင်ချလိုက်တော့ လိုတရက သူ့လွယ်အိတ်ကို ဇော်မြတ်ဆီပစ်ပေးလိုက်သည်။
YOU ARE READING
Love Like Heaven (Completed)